Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်တိုင်းဒေသကြီးရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန် ဧပြီ ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မိမိအနေဖြင့် ခရီးစဉ်များသွားလာရာတွင် နေပြည်တော်၊ မိတ္ထီလာ၊ မကွေးနှင့် ပုသိမ်မြို့တို့ရှိ အခြေခံပညာ ကျောင်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ အခြေခံပညာကဏ္ဍနှင့် စပ်လျဉ်း၍ အခြေခံပညာကျောင်းများ အားလုံးကို ဇွန်(၁)ရက်တွင် နောက်ဆုံးထားဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်၍ မေလ(၅)ရက်တွင် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်များ၏ နောက်ဆုံးနှစ်သင်တန်းများနှင့် မဟာတန်း များကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် ဖြေဆိုရင်ကျန်ရှိနေသည့် ဘာသာရပ်များကို ကျောင်းတက်နေသည့် ကာလအတွင်း ဘာသာရပ်အလိုက် Review များပြုလုပ်ပြီး ဖြေဆိုရမည် ဖြစ်ပါကြောင်း၊ မဟာ(ဒုတိယနှစ်) အောင်စာရင်းများကို အမြန်ဆုံး ထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း၊ ယင်းသို့ထုတ်ပြန်ပေးခြင်းဖြင့် နည်းပြ၊ သရုပ်ပြရာထူးများ လျှောက်ထားလိုပါက  လျှောက်ထားနိုင်မည် ဖြစ်ပါ ကြောင်း။

ဆရာ ဆရာမများ ခန့်ထား‌ရေးနှင့်စပ်လျဉ်း၍ အခြေခံနှင့် အဆင့်မြင့်ပညာကဏ္ဍနှစ်ခုစလုံးတွင် ဖြည့်ဆည်းခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများဖွင့်လှစ် ရာတွင်တက်ရောက်သူနည်းပါးပါက ကျောင်းများကို ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးမဟာဘွဲ့(M.Ed) တက်ရောက်ခွင့်များ ကိုလည်း မူလလက်ခံသည့် ဦးရေထက်ပိုမိုပြီး လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရေး မဟာဘွဲ့(M.Ed) တက်ရောက်နေစဉ်အတွင်း လုပ်ငန်းတာဝန်များမလစ်ဟင်းစေရန် ဆရာ ဆရာမ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပညာရေးတွင် ပညာသင်ကြားမှုများရပ်တန့်နေပါက ကျောင်းသား ကျောင်းသူများအနေဖြင့် အခက်အခဲများ ရှိလာမည်ဖြစ်ပါကြောင်း၊ ၀န်ထမ်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး ရုံးတက်ရောက်ခြင်းမရှိသည့် ဝန်ထမ်းများအတွက် လစာငွေများကို ပေးချေရန်မလိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ ကျောင်းမတက်ပါက မိမိတို့၏တပည့်များ၊ နိုင်ငံတော်ရှိ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝများကို ထိခိုက်နစ်နာမည် ဖြစ်သည့်အတွက် ထည့်သွင်းစဉ်းစားပေးကြ စေလိုကြောင်း၊ ပညာရေးဝန်ထမ်းများ CDM တွင်ပါဝင်ပြီး ရုံးပြန်လည်တက်ရောက်ပါက ခံဝန်လက်မှတ်ရေးထိုးရန်လိုအပ်ပြီး ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ခြင်း များရှိပါက မိမိတို့အနေဖြင့် ကာကွယ်ပေးနိုင်မည် မဟုတ်ပါကြောင်းသို့ဖြစ်၍ ဆရာ ဆရာမများ ကျောင်းတက် မှန်ကန်မှုရှိစေရန်နှင့် CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆရာဆရာမများကို နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ ပြန်လည်တာဝန်ထမ်းဆောင်ကြစေရန် နှိုးဆော် တိုက်တွန်းပေး ကြစေလိုပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုမှပြန်လည် တာဝန်ထမ်းဆောင်လာကြသည့် ဆရာဆရာမ များကိုလည်း ကြိုဆိုကြစေလိုပါကြောင်း

ကျောင်းများတွင် ရေ၊ မီးရရှိမှုအခြေအနေများကို  စစ်ဆေးရန်၊ ဆရာဆရာမများအတွက် သီးသန့် သန့်စင်ခန်းလိုအပ်ချက်များကို တင်ပြကြရန်နှင့် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိကျောင်း၏ အထွေထွေ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် ဖြည့်ဆည်းဆောင်ရွက်ပေးလိုပါကြောင်း၊ ကျောင်းများတွင် ကျောင်းသားဆရာ အချိုးအရ ကျောင်းအတွက်လိုအပ်သော ပရိဘောဂပစ္စည်းများ၊ ရေ၊ မီး၊ ပြည့်စုံမှုတူညီရန် လိုသကဲ့သို့ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးပြည့်စုံကောင်းမွန်မှုများလည်း တူညီရန် လိုအပ်ပါကြောင်း၊ အထက်တန်းကျောင်းများ တွင် (၈)ပေ (၄)ပေ ကြော်ငြာဘုတ်(၅)ခု၊ အလယ်တန်း ကျောင်းများတွင် (၃)ခုနှင့် မူလတန်းကျောင်းများ တွင် (၂)ခုပေးမည်ဖြစ်၍ မြို့နယ်ပညာ ရေးမှူးများ အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် စာသင်ခုံလိုအပ်ချက်၊ ဆရာ ဆရာ မလိုအပ်ချက်များကို မြို့နယ်တစ်ခုချင်းစီအလိုက် ဧပြီ (၂၃)ရက် နောက်ဆုံး ထားတင်ပြကြစေလို ကြောင်း၊ မြို့နယ်ပညာရေးမှူးများအနေဖြင့် ဆရာ ဆရာမများကိုစီမံခန့်ခွဲဆောင်ရွက်ရာတွင် ဘယ်နေရာ ဘယ်အခြေအနေမှာပဲရှိရှိ စိတ်စေတနာကောင်းရှိရန်နှင့် ကိုယ်ချင်းစာစိတ်၊ စာနာစိတ်ထားကာ မိမိတာဝန်ယူသည့် အလုပ်အပေါ် ကြိုးစားဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍအပါအဝင် ပညာရေးဝန်ထမ်းများအနေဖြင့် လုပ်သက် (၃၆)နှစ်နှင့်အထက် အလုပ် ထုတ်ပယ်ခံခဲ့ကြရသူများအနေဖြင့် မိမိတို့၏ထိခိုက်နစ်နာမှုများ ရှိသည်ဟုယူဆပါက ပညာရေးဝန်ကြီး ဌာနသို့ တင်ပြနိုင်ပြီး ပြည်လည်ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဆရာကြီး ဆရာမကြီးများက ဆရာ ဆရာမ လိုအပ်ချက်၊စာသင်ခုံနှင့် ပရိဘောဂပစ္စည်းလိုအပ်ချက်၊ ကျောင်းဆောင်လိုအပ်ချက်များ၊ အန္တရာယ်ရှိ ကျောင်းဆောင်ဖျက်သိမ်းနိုင်ရေးနှင့် ကျောင်းဆောင်သစ်များဆောက်လုပ်နိုင်ရေး လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)