Skip to main content

စိုက်ပျိုးမြေများအား အခြားနည်းလမ်းဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက်မည်

နေပြည်တော် ဧပြီ ၉ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တိုးချဲ့မြို့ပြ စီမံကိန်းများ ဆောက်လုပ်ရန်အတွက် မြေပြန့်နေရာများနှင့် စိုက်ပျိုးမြေများအား ခွင့်မပြုရေး မူဝါဒတစ်ရပ်ချမှတ် ဆောင်ရွက်သွားရန်၊ ဝန်ထမ်း အိမ်ရာနှင့် စီးပွားရေးအထူးဇုန်များ၊ စက်မှုဇုန်များ တည်ဆောက်ရာ၌ စိုက်ပျိုး မြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြား နည်းလမ်းဖြင့် အသုံးမပြုနိုင်စေရန်အတွက် ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ မူဝါဒများနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့က စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ စားနပ် ရိက္ခာဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ပြည်ပပို့ကုန်များတင်ပို့ရောင်းချရေး တွင် လယ်ယာ ကဏ္ဍကို အဓိကအားထားနေရလျက်ရှိရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေအသုံးပြုရမည့် အနည်းဆုံး လိုအပ်ချက်ဖြစ်စေရေး စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေများ အသုံးပြုမှု စီမံခန့်ခွဲရာတွင် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်က ချမှတ်ထားသည့် မြေယာ မူဝါဒများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။ ယခုကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်တွင် ပထမအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အစည်း အဝေးတွင် နိုင်ငံတော်၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေ များအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် ကိစ္စရပ်များ၊ ဌာနဆိုင်ရာ၊ သာသနာရေးဆိုင်ရာများမှ အခြားနည်း အသုံးပြုခွင့် လျှောက်ထား လာမှုကိစ္စ ရပ်များ၊ ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် တင်ပြလာခြင်း နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်တင်ပြလာသော ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် ရေး ဟူသော စီးပွားရေးဦးတည်ချက် ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်ကြမ်းများအဖြစ် တင်ပို့ ရောင်းချလျက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးကို သက်ဆိုင်ရာ ဌာနများ၊ လုပ်ငန်း ရှင်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ မြေယာအသုံးပြုခွင့်များ စိစစ်ဆောင် ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကို အထောက်အကူဖြစ်စေမည့် ဆက်စပ်လုပ်ငန်းများအား ဦးစားပေး ခွင့်ပြုပေး သွားမည် ဖြစ်သော်လည်း အသုံးပြုခွင့် တင်ပြလာသည့်လုပ်ငန်း၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ပမာဏဖြစ် ရန် နှင့် အမှန်တကယ်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်သည့် လုပ်ငန်းများဖြစ်ရန် လိုအပ်ကြောင်း သိရသည်။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ပြုပါရန် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများကို လယ်ယာ မြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်း ချက်များ၊ ညွှန်ကြားချက်များနှင့်အညီစိစစ်၍ ကိုက်ညီမှန်ကန်မှုရှိပါက အတည်ပြု ပေးခြင်း ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)