Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ အားတွေ့ဆုံ

မန္တလေး၊ ဧပြီ ၉ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မန္တလေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်- MIC အနေဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများကို ဖွဲ့စည်းထား ပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းထားပြီးဖြစ်သည့် ကော်မတီများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင် သည့်အခါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး ဦးစားပေး ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက် ၍ တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးထား သောလုပ်ငန်းများရှိရာ ယင်း လုပ်ငန်း(၂)မျိုးကို ဆောင်ရွက်ရာတွင် ဉပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများ ရသင့်ရ ထိုက်သော အခွင့်အရေးများ မဆုံးရှုံး စေရေးအတွက် လိုအပ်သလိုကြီးကြပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ လက်တလောအခြေအနေ အရ ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ၄၂ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံးအနေဖြင့် ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ ထပ်မံကျ ဆင်းမည်ဟု နိုင်ငံတကာ ပညာရှင်များ၏ တွက်ချက်ခန့်မှန်းချက်များရှိကြောင်း၊ ထို့ကြောင့် ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပုံမှန်ဆက်လက်ဝင်ရောက်လာ ရေးအတွက် စိန်ခေါ်မှုများရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြန်လည် ရုပ်သိမ်းထွက်ခွာသွား မှုများရှိကြောင်း၊ အဆိုပါကိစ္စသည် တစ်ကမ္ဘာလုံး၌ ဖြစ်ပေါ်လျက်ရှိရာ နိုင်ငံအသီးသီး အနေဖြင့် မိမိတို့နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပြန်လည်ထွက်ခွာမှု မရှိစေရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၌လည်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်း။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို MIC က စံပြုလုပ်ထုံးလုပ်နည်းများ ( Standard Operation Procedure- SOP) ထုတ်ပြန်၍ ပြုစုပေးပို့ထားကြောင်း၊ ယင်း SOP ကို လက်တွေ့နှင့် ပိုမိုကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်၍ ထုတ်ပြန် ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ ယင်း SOP အတိုင်း လိုက်နာဆောင်ရွက်၍ လုပ်ငန်းများကို အကောင်အထည် ဖော်ပေးကြရန် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဌာနများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အတွင်းရှိ တည်ရှိပြီး စက်မှုဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ လိုအပ်ပါက စက်မှုဇုန်အသစ်များ ထပ်မံတည်ထောင်သွားနိုင်ရေး စဉ်းစား ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ စက်မှုဇုန်အသစ်များ တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လိုအပ် သည်များကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ထုတ်ပေးသည့် အပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ သတ်မှတ်ရက် အတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ရရှိပြီး နောက်ပိုင်းတွင်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီး၏ လိုင်စင်များ၊ ပါမစ်များ၊ ခွင့်ပြုမိန့်များရယူရာတွင် ဌာနအသီးသီးမှ မြန်ဆန်သွက်လက်စွာ ထုတ်ပေးနိုင် ရေးအတွက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ကြပ်မတ် ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ MIC နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) မှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များတွင် လုပ်ငန်းအဆင့် လျော့ချရန်နှင့် ပိုမိုလွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း ကျင့်သုံးဆောင်ရွက်နေသော လုပ်ငန်းစဉ်များကိုလည်း ပြန်လည်သုံးသပ်၍ ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ် ကြောင်း ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးမောင်ကို က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မန္တလေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး က လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းကာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များကလည်း လိုအပ်သည်များ ဆွေးနွေး ခဲ့ကြသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ (သတင်းစဉ်)