နေပြည်တော် ဧပြီ ၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယမန်နေ့ နံနက် ပိုင်းတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ Amazing Kengtong Resort ဟိုတယ်၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရန် ပြင်ဆင် ဆောင်ရွက်နေမှု၊ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ကျန်းမာရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များကို မလျော့ဘဲ ဟိုတယ်သို့လာရောက်သည့် ဧည့်သည်များကို ဝန်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်ရေးအတွက် ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံ ပါရာဒိုက်(စ်) ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်ကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိမှု၊ ဟိုတယ်အားမွမ်းမံပြင်ဆင်တိုးချဲ့နေမှုများကို ကြည့်ရှု စစ်ဆေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Amazing Kengtong Resort ဟိုတယ်၌ ပြည်နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ၊ ကျိုင်းတုံခရိုင် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျိုင်းတုံမြို့ ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ခရီးသွား လုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ခံများနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ထိခိုက်နစ်နာပြီး ရပ်ဆိုင်းခဲ့သည်မှာ (၁)နှစ် ခန့်ရှိခဲ့ပြီဖြစ်ရာ ယခုအခါ တွင် ကိုဗစ်-၁၉ အား အတော် အသင့် ထိန်းချုပ်နိုင်ပြီဟု ယူဆရသည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်အဆင့် ပြန်လည် စတင် ဖွင့်လှစ်ပေးနေခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ အား မေ့လျော့ပေါ့ဆ၍မရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကအစ ခရီးသွားလုပ်ငန်း ပြန်လည် ဉီးမော့လာစေရေးအတွက် လိုအပ်သည့် ဖြေလျှော့မှုများကို စနစ်တကျ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ တစ်ခုဖြစ်ရုံသာမက ကဏ္ဍအသီးသီးနှင့် ဆက်စပ်နေသောကြောင့် ပြည်သူ လူထုအတွက် အထူးအလေးထား လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတော် အစိုးရ - ပြည်သူလူထု - ပုဂ္ဂလိကလုပ်ငန်းရှင် သုံးဉီးသုံးဖလှယ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ ဒေသခံ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကိုလေ့လာပြီး ဒေသ၏ သဘာဝ အလှ အပများ ခံစားနိုင်သော လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ကိုလည်း ဆက်လက် အကောင် အထည်ဖော်သွားရန် လိုအပ်ပါကြောင်း၊ ကျိုင်းတုံဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူလူထုများ အားလုံး ဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာနေမှုအပေါ် ပြန်လည်ကုစားနိုင်ရေးအတွက် ဝန်ကြီးဌာနက Tourism Relief Plan ကိုထုတ်ပြန်ပြီး ယင်းစီမံကိန်းပါ စီမံချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဟိုတယ်များ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နေမှု၊ ခရီးသွား ဧည့်သည်များ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ Destination Management Organizations (DMO) များဖွဲ့စည်းပြီး ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသအသစ်များဖော်ထုတ်မှုများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဉီးရဲနိုင် က ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွား ခင်ကတည်းက ကျိုင်းတုံဒေသသို့ ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီး သွားများပါ လာရောက် လည်ပတ် လေ့ရှိပါကြောင်း၊ ကျိုင်းတုံဒေသသည် ရေမြေတောတောင် သဘာဝအရ လှပသာယာပြီး မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအနက် နိုင်ငံခြားသား ဧည့်သည်များ လာရောက်လည်ပတ်ချင်စရာကောင်းသော ဒေသတစ်ခု လည်းဖြစ်ပါကြောင်း၊ ကျိုင်းတုံဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုး စား ဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု၊ နယ်စပ်ဖြတ်ကျော် မော်တော်ယဉ်တန်းခရီးစဉ် Caravan Tour ဆောင်ရွက်နိုင်မှု၊ ကျိုင်းတုံဒေသခရီးသွားလုပ်ငန်းတိုးတက်ရေး အခြေ အနေတို့ကို အသီးသီးဆွေးနွေးတင်ပြ ကြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့၏ ခရီးသွားဆွဲဆောင်မှု နေရာများဖြစ်သော ခရီးသွား ဧည့်သည်များ နေဝင်ဆည်းဆာချိန် လမ်းလျှောက်အပန်းဖြေ အနားယူနိုင်သည့် ကန်ပတ်လည် ပေ (၆၃၀၀) ရှိသည့် နောင်တုံကန်၊ ကျိုင်းတုံမြို့တွင်းရှိ Kyaing Tong Tower၊ အလောင်းမင်းတရားလက်ထက်တွင် စိုက်ပျိုးခဲ့သည့် အမြင့်ပေ (၂၁၈) ပေ၊ သက်တမ်း (၂၅၀) ကျော်ခန့်ရှိ ကညင်ဖြူပင်ရှိသော သစ်တစ်ပင်တောင်နှင့် (AD-1819)ရာစု တွင်တည်ဆောက်ခဲ့သည့် ပါလျန်တံခါး တို့သို့ သွားရောက် ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မဟာမြတ်မုနိဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကာ ဘုရားဂေါပကထံသို့ အလှူငွေ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)