နေပြည်တော် ဧပြီ ၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေး ဇာတ်ရုံတွင် အနုပညာရှင်ဝန်ထမ်းများ လေ့ကျင့်ဇာတ်တိုက် နေမှုနှင့် အနုပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်၊ ငွေလုံးငွေရင်းအသုံး စရိတ်ဖြင့် သိုလှောင်ရုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေး ဇာတ်ရုံသို့ ရောက်ရှိပြီး အနုပညာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များဖြစ်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များ မပျောက်ပျက်စေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်နှင့် ယဉ်ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်စေရန်၊ အနုပညာအရည်အသွေးများ တိုးတက်မြင့်မားစေရန်၊ နိုင်ငံ အချင်းချင်း ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်များ ဆောင်ရွက်နိုင်ရန်တို့ကို အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်များ၏ မြန်မာ့ဆိုင်းဝိုင်းကြီးတီးခတ်လေ့ကျင့်မှုနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆိုအက လေ့ကျင့်မှု များကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက အနုပညာရှင်ဝန်ထမ်းများ လေ့ကျင့် နေမှုနှင့် စပ်လျဉ်း၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အကနှင့် အတီးများ သမားစဉ်မပျက် စေရေး၊ ရိုးရာမူမှန် အနုပညာရပ်များ မတိမ်ကော မပပျောက်စေရေး၊ မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များ လူငယ်လူရွယ်များထံသို့ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည် ဖြစ်သောကြောင့် ယဉ်ကျေးမှု ကို ထိန်းသိမ်း ရန်လို အပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်ကို တန်ဖိုးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျော်ဖြေရေးသုံးအဝတ်အစားများ၊ ဆိုင်းပစ္စည်းများ၊ ဇာတ်ရုံ သုံးမီးပစ္စည်းများ၊ ဇာတ်ရုံသုံးအသံပစ္စည်းများ ထိန်းသိမ်းထားရှိမှု နှင့်အနုပညာရှင် ဝန်ထမ်းများ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်ရန် လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ စီစဉ်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ အနုပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက် လျက်ရှိသော သံကူကွန်ကရစ်(၂)ထပ် သိုလှောင်ရုံ တည်ဆောက်နေမှု လုပ်ငန်းခွင် သို့ရောက်ရှိပြီး တင်ဒါ အောင်မြင် သည့် မြန်မာပြည့်ဝအောင်ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာက လိုက်လံ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်း၊ သတ်မှတ်နည်းပညာ များနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ရေး၊ ရေ၊ မီး ပြည့်စုံကောင်းမွန်စွာ ထည့်သွင်းရေးနှင့် သိုလှောင်ရုံဖြစ်သည့်အတွက် ခြနှင့် ပိုးမွှား အန္တရာယ်များ ကာကွယ်နိုင်ရန် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ထိခိုက်မှု မရှိစေရေးနှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)