Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ မြန်မာနိုင်ငံဘဏ်များအသင်းနှင့်တွေ့ဆုံ

 

နေပြည်တော် ဧပြီ

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းသည် မြန်မာနိုင်ငံဘဏ်များ အသင်း နာယက၊ ဥက္ကဋ္ဌနှင့် ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဘဏ်များအသင်း နာယက ဦးသိန်းထွန်း၊  ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့်ဘဏ်များ ပူးပေါင်းဆောင်ရွက်မှု ရလဒ်အဖြစ် လက်ရှိတွင် ဘဏ်များ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ လက်ရှိအခြေအနေတွင် ဘဏ်ခွဲပေါင်း (၁၀၀၀)ကျော်ထိ ဖွင့်လှစ်လာပြီဖြစ်ပါကြောင်း၊   ပြည်သူတို့၏ ယုံကြည်မှုကို ပိုမိုရရှိစေရေးအတွက် ဘဏ်များမှ ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ ငွေဝင်ငွေထွက်စီးဆင်းမှုမှန်ကန်ပါက အခက်အခဲများကို ဖြေလျှော့ နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဘဏ်လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ဘဏ်များအနေဖြင့် လက်ရှိကြုံတွေ့ရသော အခက်အခဲများနှင့် အကြံဥာဏ်များကို ပေးစေ လိုပါကြောင်း ပြောကြား သည်။

ဆက်လက်၍ မြန်မာနိုင်ငံဘဏ်များအသင်း  နာယက ဦးသိန်းထွန်း၊ ဥက္ကဋ္ဌ ဦးခင်မောင် အေးနှင့် ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက ပြင်ပ၌ ဖြစ်ပေါ်နေသော ဘဏ်များနှင့်ပတ်သက်သည့် ကောလာ ဟလများဖြေရှင်းရေး၊ ဘဏ်များအနေဖြင့် ပြည်သူတို့ အပေါ် ဝန်ဆောင်မှုများပေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြင့်  ယုံကြည်မှုများ ခိုင်မာ အောင် တည်ဆောက်ရေး၊ ဘဏ်ဝန်ဆောင်မှုများ အဆင်ပြေစေရန် ဆောင်ရွက်ပေးနိုင်ရေး အတွက် လိုအပ်သော အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး၊ ငွေကြေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စတို့ကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက  ပြင်ပ၌ ဘဏ်များအပေါ် ပြည်သူ လူထု ယုံကြည်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဘဏ်အချို့ကို အရေးယူပိတ်သိမ်း မည်ဆိုသည့် သတင်းမှားများကို မသမာသူများက ထုတ်လွှင့်လျက်ရှိကြောင်း၊ အဆိုပါ သတင်းမှားများကြောင့် ပြည်သူအချို့သည် စိုးရိမ်ပူပန်ပြီး ဘဏ်များမှ ငွေကြေး များကို လိုအပ်သည်ထက် ပိုမိုထုတ်ယူခြင်း၊ ဘဏ်များသို့ အပ်နှံမည့်ငွေကြေးများကို ဆိုင်းငံ့ ထားခြင်းစသည်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ အားလုံး စနစ်တကျလုပ်ငန်းများ ဆောင်ရွက်ရန် အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ ပြီး ဘဏ်များအားလုံး သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာ ဝန်ဆောင်မှုပေး လျက်ရှိ ကြောင်း၊ ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ဘဏ်များအပေါ် စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြပါကြောင်း၊ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်များအတွက် ဧပြီ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website ကြော်ငြာချက် ထုတ်ပြန်ထားရှိကြောင်း ပြောကြား သည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်များမှ   ကုမ္ပဏီများနှင့် စက်ရုံဝန်ထမ်းများ၏ လစာများကို အဆင်ပြေ ချောမွေ့စွာ ထုတ်ပေးနိုင်ရေး၊ ပြည်သူတို့၏ ငွေထုတ် ယူမှုနှင့် စာရင်းလွှဲပြောင်းမှုများကို လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး၊ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုစနစ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်သူများ လွယ်ကူ အဆင်ပြေစွာ ထုတ်ယူနိုင်ရေး၊ ဘဏ်များမှ လိုအပ်လျက်ရှိသော ငွေသားလိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းစနစ် ကောင်းမွန်စွာ လည်ပတ် ဆောင်ရွက်နိုင်ရန်နှင့် ဘဏ်များမှ ဝန်ဆောင်မှုများ ကောင်းမွန်စွာပေးနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ပေးနေမှုများ ကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌမှ နိဂုံးချုပ်အနေဖြင့် ဘဏ်များ၏ အခက်အခဲနှင့် လိုအပ်ချက် များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် ယခုကဲ့သို့တွေ့ဆုံမှုများကို လစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)