နေပြည်တော် ဧပြီ ၈
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ASEAN-UK Open-Ended Troika Dialogue သို့ နိုင်ငံခြားရေးဝန် ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးကို ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Dato Erywan Pehin Yusof က သဘာပတိအဖြစ်ဆောင်ရွက်ပြီး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dominic Raab နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြ သည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ ကြံ့ကြံ့ခံနိုင်သည့် ရေရှည်တည်တံ့သည့် စီးပွားရေးများ ပြန်လည်ထူထောင်ရေးနှင့် ရာသီဥတုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဆွေးနွေးဖလှယ်ခဲ့ကြသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယခု ASEAN-UK Open-Ended Troika Dialogue သည် COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေး၊ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုအစရှိသော အရေးပါသည့်ကိစ္စများနှင့်ပတ်သက်၍ အာဆီယံနှင့် ဗြိတိန်နိုင်ငံ အကြား အမြင်ချင်းဖလှယ်နိုင်သည့်အတွက် အရေးကြီးသည့်အစည်းအဝေးတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်လည်း COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးတို့အား ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်မူဝါဒတွင် ထည့်သွင်း၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အနေဖြင့်လည်း COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို အချိန်ကိုက် ဆောင်ရွက်ရာ၌ အရေးပါသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်ဆိုင်ရာ အာဆီယံပူးပေါင်းညှိနှိုင်းရေး ကောင်စီလုပ်ငန်းအဖွဲ့ တည်ထောင်မှုတို့အပေါ် ဝမ်းမြောက်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါတုံ့ပြန်ရေးနှင့်စပ်လျဉ်း၍ ဗြိတိန်နိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှုကို ကြိုဆိုပါကြောင်း၊ အာဆီယံ၏ မိတ်ဖက်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက COVID-19 အာဆီယံတုံ့ပြန်ရေးရန်ပုံငွေသို့ ရန်ပုံငွေ ထည့်ဝင်မှုကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း အဆိုပါရန်ပုံငွေသို့ ထည့်ဝင်သွားမည် ဖြစ်ပါကြောင်း အသိပေးပြောကြားခဲ့သည်။
ကြံ့ကြံ့ခံပြီး ရေရှည်တည်တံ့သည့် စီးပွားရေး ပြန်လည်ထူထောင်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အာဆီယံဘက်စုံပြန်လည်ထူထောင်ရေး မူဘောင်အကောင်အထည်ဖော်မှုအတွက် ဗြိတိန်နိုင်ငံမှ ပံ့ပိုးမှုပေးရန် တိုက်တွန်းပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ဒေသတွင်း၌ သိပ္ပံပညာကို အခြေပြုပြီး သန့်ရှင်းသော ပြန်လည်ထူထောင်ရေးအကူအညီနှင့် ပတ်ဝန်းကျင် အကျိုးပြု ဘဏ္ဍာရေးသုံးစွဲမှုစနစ် တည်ထောင်ရေးနှင့် စွမ်းအင်လုံလောက်မှု ကဏ္ဍများအပေါ် အကူအညီပေးရန် ဗြိတိန်နိုင်ငံ၏ ကတိကဝတ်ပြုမှုများကိုလည်း ကြိုဆိုပါကြောင်း ပြောကြားခဲ့ သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)