Skip to main content

စားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံပြည့်ဝရေး ကျွမ်းကျင်ရာ စိုက်ပျိုးရေးသုတေသန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဧပြီ ၈ စားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံပြည့်ဝရေး ကျွမ်းကျင်ရာ စိုက်ပျိုးရေးသုတေသန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က နိုင်ငံအဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုတေသန ရလဒ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ အကျိုးပြုလျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီး သီး၏ ကွဲပြားသော ရေမြေရာသီဥတု အခြေအနေများအရ အထွက်ကောင်း၍ အရည်အသွေး မြင့်မားသော မျိုးသစ်များ မွေးမြူထုတ်လုပ်ပေးခြင်း၊ ဒေသအလိုက် အကျိုးအမြတ် အများဆုံး ရရှိမည့် သီးနှံပုံစံနှင့် စိုက်ပျိုးနည်း စနစ်များကို သုတေသနပြုဖော်ထုတ်ပေးခြင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် စိုက်ပျိုးထုတ်လုပ် သူများနှင့် ဈေးကွက်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်မည့် လက်တွေ့အသုံးချ သုတေသနများကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိ ကြောင်း ဆွေးနွေးပြောကြားသည်။ စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အကူပြုသည့် အဆင့်မြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဟာရပြည့်ဝစေမည့်သီးနှံမျိုးများ၊ ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီမည့် သီးနှံမျိုးများ၊ စိုက်ပျိုးနည်းစနစ်များကို သုတေသနပြု ဆောင်ရွက်ရေး လုပ်ငန်းများအပြင် မြေဆီလွှာနှင့်ရေအသုံးချရေး သုတေသနလုပ်ငန်းများ၊ လယ်ယာစီးပွားဆိုင်ရာ သုတေသနများ၊ ဇီဝနည်းပညာဆိုင်ရာ၊ သီးနှံပိုးမွှားရောဂါ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် မျိုးစေ့ဘဏ်ရှိ မျိုးဗီဇကွဲများ ထိန်းသိမ်းခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ စတင်တည်ထောင်သည့် ၁၉၅၄ ခုနှစ်မှ ယနေ့အထိ စပါး (၉၁) မျိုး အပါအဝင် သီးနှံမျိုးသစ် (၂၅၃)မျိုးကို ထုတ်လုပ်ပေးပြီးဖြစ်ကြောင်း၊ အဆိုပါမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များကို ဖော်ထုတ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေး ဌာနခွဲနှင့် ပူးပေါင်းကာ တောင်သူများ လက်ဝယ်အရောက် နည်းပညာများ ဖြန့်ဝေပေးလျက်ရှိသည်။ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း နှင့် လုပ်ငန်းခွဲတာဝန်ခံများက ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ (သတင်းစဉ်)