Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး မကွေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၈ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ ဌာနများမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေနံဓာတုဗေဒ စက်ရုံစု(သံပရာကန်)၊ ထောက်ရှာပင်/ကမ်းနီရေနံမြေ၊ မန်းရေနံမြေနှင့် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းကြီးကြပ်မှုအောက်ရှိ ပြည်တွင်းမှထွက်ရှိသော ရေနံစိမ်း တစ်ရက်လျှင် ဂါလန် (၃၀၀,၀၀၀)ကို အသုံးပြု၍ချက်လုပ်နေသော ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ရောက်ရှိပြီး စက်ရုံဝင်းအတွင်းရှိ Control Room၊ ဓာတ်ခွဲစမ်းသပ်ခန်း၊ လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီနှင့် ရေနံဓာတ်ငွေ့ရည်အဆင့်ဆင့် ထုတ်လုပ်နေမှု အခြေ အနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် စက်ရုံအစည်းအဝေး ခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) အတွက်လိုအပ်သော ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ပေး နေသည့် ထောက်ရှာပင်၊ ကမ်းနီရေနံမြေသို့ရောက်ရှိပြီး ရေနံမြေမှထွက်ရှိသည့် ရေနံစိမ်း များကို လက်ခံသိုလှောင်ထားသော သံကန်တန်းများကိုလည်းကောင်း၊ ထိုမှတစ်ဆင့် မန်းရေနံ မြေသို့ရောက်ရှိပြီး ရေနံစိမ်းထုတ်လုပ်နေသော မန်းရေနံမြေရှိ Pumping Unit များကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထောက်ရှာပင်၊ ကမ်းနီရေနံမြေနှင့် မန်းရေနံမြေမှ ဝန်ထမ်းများကို ရေနံမြေအစည်းဝေးခန်းမတွင်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများကို လည်းကောင်း သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။ တွေ့ဆုံပွဲများ၌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အတွက်လိုအပ်သော လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးရန်နှင့် စက်သုံးဆီမပြတ်တောက် စေရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ ရေနံဓာတုဗေဒ စက်ရုံစု (သံပရာကန်)အနေဖြင့် မတ် ၂၅ ရက် တွင် စက်ရုံ၏ အဓိကထုတ်ကုန်ဖြစ်သော လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ပုံမှန်အတိုင်း ပြန်လည်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကူညီပံ့ပိုးပေး ခဲ့သော ဦးဆောင် ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့်တကွ အရာထမ်း၊ အမှုထမ်းများကို မှတ်တမ်း တင် ဂုဏ်ပြုအပ်ပါကြောင်း၊ စက်ရုံ ပုံမှန်လည်ပတ်ရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ရေနံမြေများအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့များ ပိုမိုထုတ်လုပ် ဖြည့်ဆည်းပေးနိုင် ရေးနှင့် ရေနံချက်စက်ရုံအတွက် လိုအပ်သော ရေနံစိမ်းများ ရှာဖွေထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုး ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် ရှာဖွေတူးဖော် ထုတ်လုပ်သွားရန်ဖြစ်ကြောင်း၊ ရေနံ မြေနှင့်ရေနံချက်စက်ရုံများသည် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် စက်မောင်းဆီများကို ကိုင်တွယ်လုပ်ကိုင် နေရခြင်းကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် လုံခြုံရေးတို့ကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း။ ဝန်ထမ်းများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း အလေးထားဆောင် ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင် ကြရာတွင် သတ်မှတ်ထားသော Standard Operation Procedure (SOP)၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အသုံးစရိတ်ဘတ်ဂျက်ခွင့်ပြုငွေများ ရရှိထားပြီးဖြစ်သဖြင့် လုပ်ငန်းများ အမြန်ဆုံး ပြီးစီးအောင် သက်ဆိုင်ရာဌာန အကြီးအကဲများက တွန်းအားပေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုမရှိစေရေး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ကြရန်နှင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီး ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အနာဂတ်ကာလတွင် မိမိတို့နိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် စက်ရုံ၊အလုပ်ရုံ အသစ်များ တည်ဆောက်ရန် လိုအပ်ကြောင်းနှင့် အဆိုပါ စက်ရုံများ စဉ်ဆက် မပြတ်လည် ပတ်နိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ရည်မှန်းဆောင်ရွက်ထားရန် လိုကြောင်း၊ ပြည်သူများ လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းသုံးနှင့် အိမ်သုံးမီတာ လျှောက်ထားမှုများအား မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် အရန်မီတာများထားရှိနိုင်ရေး အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အားလျော်စွာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်း စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြရန်နှင့် ပြည်သူများမှ လေးစားအားထား ရသော နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံမှူးနှင့် ဝန်ထမ်းများ၊ လုံခြုံရေး ဆောင်ရွက် ပေးနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးခဲ့သော ကာကွယ် ရေးဦးစီးချုပ် (ကြည်း)၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှ အရာရှိစစ်သည်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)