နေပြည်တော် ဧပြီ ၇
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် အဆောက်အဦ (ပန္နက်တင်မင်္ဂလာ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။
အမွှေးနံ့သာရည်ပက်ဖျန်း
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဦးအေးကြွယ်၊ ဦးဝင်း ကျော်အောင်နှင့် တာဝန်ရှိသူတို့ ကမြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် အဆောက်အဦ ဆောက်လုပ်မည့် သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကြပြီး ပန္နက်တင်ပေးကာ အမွှေးနံ့သာ ရည်ပက်ဖျန်းပေးကြသည်။
မြန်မာ့အသံနှင့် ရုပ်မြင် သံကြား စိန်ရတုပြတိုက် အဆောက်အဦကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တပ်ကုန်း ရှိမြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အဦရှေ့ ယာဘက် မျက်နှာစာ၌ သီးခြားဆောက်လုပ် ပြီး ခမ်းနားထည်ဝါစွာဖြင့် ဖွင့်လှစ် ပြသနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ယနေ့တွင် ပန္နက်တင်မင်္ဂလာ အခမ်းအနား ပြုလုပ်ခြင်းဖြစ်သည်။ အဆောက် အဦအရွယ်အစားမှာ အလျား ပေ ၁၀၀၊ အနံ ၇၅ ပေ၊ အမြင့် ၂၆ ပေ၊ RCC နှစ်ထပ် အဆောက်အဦ ဖြစ်ပြီး ပြတိုက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ ခေတ် အဆက်ဆက် အသုံးပြုခဲ့သော တူရိယာများ၊ အသုံးအဆောင် ပစ္စည်းများ၊ ပုံစံငယ်များ၊ စတူဒီယို များဖြင့် အများပြည်သူ ကြည့်ရှု လေ့လာနိုင်ရေးအတွက် ဗဟုသုတဖြစ်သဖွယ်ခင်းကျင်းပြသရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးမှာကြား
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများနှင့် Auditorium ခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိမိအလုပ်အပေါ် အလေးထားတန်ဖိုးထားရေးနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်