နေပြည်တော်၊ မတ် ၂၉
၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဆူပူအကြမ်းဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းစဉ် ဆူပူအကြမ်းဖက် သူများ အတွင်းမှ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၉ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် သာကေတမြို့နယ်၊ ရန်ပြေ(၃)ရပ်ကွက်၊ ရန်ပြေလမ်းနှင့် သူမနလမ်းထောင့်၌ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူများအင်အား ၁၀၀ ဦးခန့်သည် ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အဆိုပါ အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်သူများအား လူစုခွဲနိုင်ရေး ဥပဒနှင့်အညီ ဖြေလျော့မှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့မှ လိုက်နာမှုမရှိဘဲ ဆက်လက်ဆူပူဆန္ဒပြနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူများထဲမှ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့ပါသည်။
အလားတူ ယနေ့တွင်လည်း တောင်ဒဂုံမြို့နယ်၌ ဆူပူအကြမ်းဖက်သူ လူစုလူဝေးများမှ အများပြည်သူသွားလမ်းမကြီးပေါ်ရှိ ကွန်ကရစ်တံတားအား ဖျက်ဆီးနေသည်ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်ထိန်းသိမ်းလူစုခွဲခဲ့ပြီး တံတားဖျက်ဆီး ရာတွင်ပါဝင်သူ အမျိုးသား ၁ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၉ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် တောင်ဒဂုံမြို့နယ်၊ (၇၀)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ရတနာပုံလမ်းဆုံရှိ ကွန်ကရစ်တံတားအား ဦးဆောင်သူ (စိစစ်ဆဲ) ဆူပူ အကြမ်းဖက်သူ လူစုလူဝေးအင်အား ၃၀ ဦးခန့်မှ တံတားလမ်းပုခုံးပေါ်ရှိ ကွန်ပရစ်တုံးများအား ဖယ်ရှားဖျက်ဆီးကာ အများပြည်သူ ဖြတ်သန်းသွားလာမှုမရအောင် ပြုလုပ်နေသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်းအကြမ်းဖက်သူလူအုပ်စုအား အကြမ်းဖက် ဖျက်ဆီးမှု လုပ်ရပ်အားရပ်တန့်၍ လူစုခွဲရန် ဥပဒေနှင့်အညီ သတိပေး တားမြစ်ခဲ့သော်လည်း လူစုခွဲမှုမရှိဘဲ ဆက်လက်၍ ဖျက်ဆီးနေသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင် လူစုကွဲသွားခဲ့ပြီး အကြမ်းဖက်ဖျက်ဆီးသူများအတွင်းမှ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သဖြင့် လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်နိုင်ရေး သင်္ဃန်းကျွန်းစံပြဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ယနေ့တွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူ အကြမ်းဖက်သူလူအုပ်စုမှ လက်နက်များဖြင့် လာရောက်အကြမ်းဖက်ရန်ပြု တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခြောက်လှန့်ပစ်ခတ်စဉ် အကြမ်းဖက်သူလူအုပ်စုမှ အမျိုးသား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ပဲခူးမြို့၊ နန်းတော်ရာ ရပ်ကွက်၊ ဆံတော်တွင်းဘုန်းတော်ကြီးကျောင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ဆောင်ရွက် နေစဉ် ထန်းတစ်ပင် (၇)လမ်းဘက်မှ ဦးဆောင်သူ(စိစစ်ဆဲ) အကြမ်းဖက်သူလူစုလူဝေးအင်အား ၁၅ ဦးခန့်သည် ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂျင်ကလိ၊ လေးခွ၊ မီးပုလင်း များဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်တိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေးလက်နက် များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နေ့လည် ၁၂ နာရီ ၅ မိနစ် အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသေဆုံးခဲ့ကာ ဒဏ်ရာရရှိ ခဲ့သောအမျိုးသား ၁ ဦးအား အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် စတီးတုတ် ၁ ချောင်း၊ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၄ လုံး၊လေးခွ ၁ လက်၊ ဂျင်ကလိ ၂ ချောင်းနှင့် ဆိုင်ကယ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လူသေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲလုပ်ငန်း များနှင့်အညီ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ရန်နှင့် ဖမ်းဆီးရမိသူအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့