ရန်ကုန် မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံမှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုကိုးကျွန်းမြို့နယ်သို့ ပြေးဆွဲပေးမည့် M.V CHARITES သင်္ဘောခရီးစဉ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းမှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “ကိုကိုးကျွန်းမြို့နယ်ဟာ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံး တန်းတူဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တဲ့အခါမှာ ကိုကိုးကျွန်းမြို့နယ်ကိုလည်း အရင်ကတည်းက ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ အဓိကထား ထည့်သွင်းလုပ်ဆောင်ပေးတာတွေ ရှိပါတယ်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူတော့ ကျွန်တော်တို့အဖွဲ့ YRTA ကို တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွေနဲ့ပတ်သက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ မှာကြားတာတွေကြောင့် ဒီလမ်းညွှန်မှာကြားမှုတွေအတိုင်း YRTA အနေနဲ့ ဒီကနေ့ ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို အခုလို ငါးကြိမ်မြောက် ပြေးဆွဲပေးတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမြို့နယ်သို့ ယခင်က တပ်မတော်ရေယာဉ်၊ ရဟတ် ယာဉ်များဖြင့်သာ ခရီးစဉ်များ ပြေးဆွဲပေးခဲ့ရာမှ YRTA အနေဖြင့် ယခုကဲ့သို့ စတင်ပါဝင်ပြေးဆွဲ ပေးခဲ့မှုမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခု အကြိမ်သည် ငါးကြိမ်မြောက် ပြေးဆွဲပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ YRTA အနေဖြင့် ယခု ကဲ့သို့ ပြေးဆွဲပေးမှုသည် တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီလမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ ဌာနများဖြစ်သော ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာန စသည့် သက်ဆိုင် ရာဌာနများ ပေါင်းစပ်ကာ ယခု ကဲ့သို့ ခရီးစဉ်ကို ဆောင်ရွက်ပေး ခြင်းဖြစ်သည်။
ယနေ့ ထွက်ခွာသွားသော M.V CHARITES သင်္ဘော (၅)ကြိမ်မြောက် ခရီးစဉ်တွင် ကိုကိုးကျွန်း မြို့နယ်သို့ သွားရောက်တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများ၊ ရန်ကုန်မြို့သို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသော ကိုကိုးကျွန်းမြို့နယ်မှ ဒေသခံများ၊ ကိုကိုးကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ၂၄ နာရီ မီးလင်းရေးကို အထောက် အကူပြုစေမည့် ဒီဇယ်ဆီများနှင့် ဆက်စပ်ပစ္စည်းများ စသည်ဖြင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမည့် ပစ္စည်းများကို တင်ပို့သယ်ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။
ယနေ့ ကိုကိုးကျွန်းမြို့နယ်သို့ ထွက်ခွာမည့် M.V CHARITES သင်္ဘောခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များနှင့် ဒေသခံများအား ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်၊ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဆူးလေဆိပ်ကမ်းသို့ သွားရောက်တွေ့ဆုံကာ လိုက်လံအားပေး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထိုက်အောင်ဝင်း ဓာတ်ပုံ- မိုးမခ