နေပြည်တော် မတ် ၂၈
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် မတ်၂၅ ရက်က မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ရှိ အမှတ်(၁၀) အထည်စက်ရုံသို့ ရောက်ရှိပြီး မိမိ ထုတ်ကုန်ပစ္စည်းအား ဈေးကွက်ရှိ ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချ နိုင်ရေးဆောင်ရွက်ရန်၊ ကုန်ချောလက်ကျန်များ ကုန်စင်အောင် ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ ကုန်ကြမ်းများကို မိမိတို့ ဌာနအတွင်းရှိ စက်ရုံများတွင် ပြန်လည်အသုံးပြုနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံရေရှည်ရပ်တည် လည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ ကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။
ကုန်ချောများဝယ်သူထံအရောက်ပို့ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြင်းခြံမြို့ရှိ အထည် စက်ရုံခွဲသို့ ရောက်ရှိပြီး ပတ်တီးများ ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ထုတ်လုပ်မှုတိုးတက်လာသည်နှင့်အမျှ တိုင်းပြည်၏ GDP လည်း တိုးတက်မည် ဖြစ်၍ ကြိုးစားဆောင်ရွက်ကြရန်၊ ကုန်ချောများအား ဝယ်ယူသူထံ အရောက်ပေးပို့သည့်စနစ် ကျင့်သုံးနိုင် ရေး စီမံဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ စက်ရုံကို နိုင်ငံတော်အကြီးအကဲများက ရည်ရွယ်ချက်ကြီးမားစွာဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ “သံသေလျှင်တစ်ပြည်” ဟူသော ဆိုရိုးစကားရှိကြောင်း၊ ထို့ကြောင့် စီမံကိန်း လုပ်ငန်းများအား အမြန်ဆုံးပြီးစီးအောင် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စက်ရုံရှိ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိအောင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်အမြဲ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် စီမံချက်များ ရေးဆွဲ၍ သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ရန်နှင့် မီးငြိမ်းသတ်ရေး အထောက်အကူပြု ပစ္စည်း များ အဆင်သင့်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား
ဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအတိုင်း မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နည်းပညာသစ်များရရှိရေး ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၆) စက်မှုသင်တန်း ကျောင်း(မြင်းခြံ)သို့ ရောက်ရှိပြီး သင်တန်းကျောင်းခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သင်တန်းများ ပြန်လည်ဖွင့်လှစ်လျှင် အဆင်သင့်ဖြစ်နေရန်အတွက် ကြိုတင်ပြင်ဆင်ထားရန်၊ သင်ထောက်ကူ ပစ္စည်းများကိုလည်း စစ်ဆေးပြုပြင်၍ ထိန်းသိမ်းထားရှိရန်၊ နိုင်ငံတော်မှ အားကိုး ရသည့် စက်မှုကျွမ်းကျင်လုပ်သားများ ဖြစ်စေရန်အတွက် လေ့ကျင့်သင်ကြားပေးရန်၊ နည်းပြ ဆရာ/ ဆရာမ များအနေဖြင့် တိုးတက်လာသည့် နည်းပညာသစ်များရရှိရေးအတွက် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသင်ယူကြရန်တို့ကို မှာကြားသည်။
ဘိလပ်မြေထုတ်လုပ်မှုစစ်ဆေး မတ် ၂၆ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ရှိ အမှတ်(၂) စက်မှုသင်တန်းကျောင်းနှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့ရှိ ဝန်ထမ်းများကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကျောက်ဆည်စက်မှု နယ်မြေစက်ရုံများမှ ဝန်ထမ်းများကို လည်းကောင်း တွေ့ဆုံ၍ စက်မှုကဏ္ဍအနေဖြင့် လတ်တလော ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြော ကြားပြီး အမှတ်(၃၃)အကြီးစားစက်ရုံ (ကျောက်ဆည်)တွင် ဘိလပ်မြေများ ထုတ်လုပ်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
သတင်းစဉ်