Skip to main content

တပ်မတော်က အခြေပြုလျက်ရှိသောထီးမူထစခန်းအား KNLA တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်

နေပြည်တော်၊ မတ် ၂၈ ဖာပွန်ခရိုင်အတွင်းရှိ ထီးမူထကျေးရွာအနီး တပ်မတော်စခန်းတစ်ခုအား မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် KNLAမှ ဘောကျော်ဟဲ ဦးဆောင်မှုဖြင့် KNLAတပ်မဟာ ၅ တပ်ဖွဲ့ဝင်တို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ KNU အနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတကာနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အသိသက်သေဖြင့် NCA အားလက်မှတ်ရေးထိုးထားခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့အစည်းမှ တပ်မဟာ၅အနေဖြင့်ဘောကျော်ဟဲ၏သီးခြား ညွှန်ကြားချက်ဖြင့် တပ်မတော်၏ရိက္ခာစုပုံမှုများတွင် ကားမိုင်းထောင် တိုက်ခိုက်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးကိုအထောက်ကူပြုစေမည့် လမ်းကြောင်းများ ဖောက်လုပ်ရာတွင် နှောင့်ယှက် တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များသို့လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်းများ အား နည်းမျိုးစုံအကြောင်းအမျိုးမျိုးပြလျက် NCA ပျက်ဆီးစေရန် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယနေ့အထိ ကားမိုင်းထောင်တိုက်ခိုက်ခြင်း ၈ ကြိမ် ဆောင်ရွက်ခဲ့ပြီး တပ်မတော်မှလုပ်ငန်းယာဉ် ၉ စီးပျက်ဆီးဆုံးရှုံးခဲ့ရသည်။ထို့အပြင် ချောင်းမြောင်း နှောင့်ယှက် ပစ်ခတ်ခြင်း၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း တပ်ဌာနချုပ်များသို့ ၁၀၇ မမရှော့ တိုက်ဒုံးဖြင့်ပစ်ခတ်မှုအနေဖြင့် ဘားအံတပ်နယ်၊ သထုံတပ်နယ်၊ တောင်ငူတပ်နယ်၊ ဘောနက်ကြီး တပ်နယ်များရှိ တပ်ဌာနချုပ်များသို့ ၁ ကြိမ် စီ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အပြင် မော်လမြိုင်တပ်နယ် အတွင်းအရပ်ဘက် ပစ်မှတ်များပါ ပစ်ခတ်ရန်ကြိုးပမ်းမှု ၁ ကြိမ် ဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရသည်။ အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍တပ်မတော်သည် ထာ၀ရငြိမ်းချမ်းရေးကို ထောက်ရှုသောအားဖြင့် စိတ်ရှည်သည်းခံစွာ KNU ဗဟိုရှိတာဝန်ရှိသူများ အားအကြိမ်ကြိမ် သတိပေးခြင်း၊ ကန့်ကွက်ခြင်းနှင့် NCA စာချုပ်ပါ အချက်များအား လိုက်နာရန်အသိပေးခြင်း များကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့မှတစ်ဆင့်နှုတ်ဖြင့် လည်းကောင်း၊ တရားဝင်စာဖြင့်လည်းကောင်း အကြိမ်ကြိမ် အကြောင်းကြားခဲ့သည်။ သို့သော် KNU ဗဟိုဦးစီးကော်မတီဝင်များနှင့် KNLA စစ်ဦးစီးချုပ်တို့၏ တားမြစ်ချက်ကိုပင် KNLA တပ်မဟာ ၅ အနေဖြင့်လိုက်နာမှုမရှိဘဲ NCA ပျက်စီးစေရန် ဆက်တိုက်ဆောင်ရွက်လျက် ရှိနေသဖြင့် တာဝန်ရှိခေါင်းဆောင်များထံ လက်အောက်သို့ ထိန်းသိမ်းနိုင်ရေး အသိပေး အကြောင်းကြားခဲ့ရာKNU ဗဟိုအနေဖြင့် NCA လမ်းကြောင်း အတိုင်းဆက်လက်လျှောက်လှမ်း မည်ဖြစ်ပြီး တပ်မဟာ ၅ ၏ လုပ်ဆောင်မှုများတွင် KNU ဗဟို၏ သဘောဆန္ဒပါဝင်မှု မရှိကြောင်း၊ ဒုတိယ စစ်ဦးစီးချုပ်အဆင့်ရှိသူ ဘောကျော်ဟဲ မှာ အမိန့်နာခံမှုမရှိဘဲ တပ်မဟာ ၅ မှတပ်ဖွဲ့ဝင်များဖြင့် NCA ချိုးဖောက်မှုများ ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေး ပျက်ပြားအောင် ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ကြောင်း အကြောင်း ပြန်ကြားလာခဲ့သည်။ KNU တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ငြိမ်းချမ်းရေးကိုလိုလား လျက်ငြိမ်းချမ်းရေးအတွက် အခြေခံသဘောတူညီမှုဖြစ်သည့် NCA တွင် ဆက်လက်လျှောက် လှမ်းလိုသော်လည်း ဘောကျော်ဟဲ၏ ကျဉ်းမြောင်းသောလူမျိုးရေးစိတ်ဓာတ်ဖြင့် စစ်မက်လို လားမှုအပေါ်တွင်ဒေသခံများကကြောက်ရွံ့စိုးရိမ်ပူပန်လျက်ရှိပြီး ယခုဖြစ်စဉ်တွင် NCA သဘော တူညီမှုများနှင့်အညီနယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းများကို ထိခိုက် ဆုံးရှုံးအောင် တပ်မဟာ ၅ အနေဖြင့် NCA ကိုလိုက်နာမှုမရှိဘဲ တိုက်ခိုက်လာမှုသည်သည်း ခံနိုင်မှုအတိုင်းအတာထက်ကျော်လွန်လာသဖြင့်မတ်၂၇ ရက်နေ့မှ စတင်ကာ ပြုလုပ်သင့်ပြုလုပ် ထိုက်သည်များကို တပ်မတော်အနေဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်