Skip to main content

တာမွေမြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်တိုက်ခိုက်သည့် အမျိုးသား နှစ်ဦး လက်ပစ်ဗုံး နှစ်လုံးနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် တာမွေမြို့နယ်အတွင်း၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းယာဉ်များဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် မလွှကုန်းဌေးကြွယ် (က)ရပ်ကွက် မနေရလမ်း အရောက်၌ မသင်္ကာဖွယ်တွေ့ရှိသည့် ယာဉ်အမှတ် YGN 7F-8709 Toyota Ractis အဖြူရောင်ယာဉ်ကိုစစ်ဆေးရန်တားဆီးစဉ် ယာဉ်ပေါ်ပါ သူများထဲမှ တစ်ဦးက လက်ပစ်ဗုံးဟုယူဆရသော ဗုံးတစ်လုံးဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ပြီး ယာဉ်ပေါ်မှဆင်းကာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျော်သူမြင့်နှင့် ခင်မောင်ကျော်တို့ နှစ်ဦးအား ဗုံး နှစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အနီးရှိတိုက်ပေါ်သို့ တက်ပြေးသွားသည့် ကျန်အမျိုးသား တစ်ဦးသည် တိုက်လှေကားထိပ် အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ၎င်း၏လက်အတွင်း ပေါက်ကွဲသွားသဖြင့် နေရာတွင်  သေဆုံးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ပေါက်ခဲ့သော မပေါက်ကွဲဘဲ ကျန်ရှိသည့် လက်ပစ်ဗုံး တစ်လုံးအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ပြည်သူလူထုအန္တရာယ်ကင်းရှင်းအောင် စနစ်တကျဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းနှင့် ဖမ်းဆီးရမိ တရားခံများနှင့် အကြမ်းဖက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်