နေပြည်တော် မတ် ၂၇
နိုင်ငံတော်အတွင်းရှိ နေရာအချို့တို့တွင် ယနေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူများအနေဖြင့် အကြမ်းဖက်မှုပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဂျင်ကလိ၊ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်းများ၊ လက်လုပ်မိုင်း၊ လုပ်သေနတ်များဖြင့် ရန်ပြုတိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် လမ်းမကြီး၊ လမ်းသွယ်များအား အသုံးပြု၍မရအောင် အတားအဆီးများ ချထားပိတ်ဆို့ခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အဦများအား အကြောင်းမဲ့ မီးပုလင်း၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အား ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ပြုလုပ်နေမှုများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေလျော့ခြင်း၊ လူစုခွဲရန် အကြိမ်ကြိမ်သတိပေးခြင်း၊ အချို့သောနေရာများတွင် အချိန်ပေးထွက်ခွာသွားခြင်း စသည်ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ဖြေလျှော့မှုများ ပြုလုပ်ခဲ့သော်လည်း ဆူပူ အကြမ်းဖက်သူများအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကိုသာမင်းမဲ့စရိုက် ဆန်စွာ ထိပ်တိုက်ရင်ဆိုင် ပြုမူဆောင်ရွက်နေကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အချို့သောနေရာများတွင် မလွှဲမရှောင်သာ ခြောက်လှန့် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမျိုးသား တစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် အမျိုးသား လေးဦး၊ မကွေး တိုင်းဒေသကြီးတွင် အမျိုးသား နှစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသား နှစ်ဦး၊ ကချင်ပြည်နယ်တွင် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသော ပြည်သူ လူထုများ၏ အကျိုးစီးပွားတို့ကိုရှေးရှုကာ လုံခြုံရေးနှင့် တည်ငြိမ်ရေး အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များအား ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်