Skip to main content

(၁၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းတော်ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ဆင်ယင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၂၇

နေပြည်တော်ရှိ ဥပ္ပါတသန္တိကုန်းတော် ပြင်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတ သန္တိစေတီတော်၏ လိုဏ်တော်ကြီး အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိ သည့် မဟာမဏိမယရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရား ကြီးတို့အား (၁၃)ကြိမ်မြောက် ရွှေကြာ သင်္ကန်းတော်ကပ်လှူပူဇော်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၆ နာရီခွဲတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုတော်မူသော ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတီ တော်ဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ စေတီတော်လိုဏ်တော် အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယရတနာ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော် မြတ်လေးဆူနှင့် စေတီတော်ရင်ပြင် အရှေ့မြောက်ထောင့် ဂန္ဓကုဋိတိုက် ကျောင်းဆောင်တော်၌ ကိန်းဝပ်စံပယ် တော်မူလျက်ရှိသည့် မဟာဆုတောင်း ပြည့်(ပန်းပေါင်း) ဘုရားကြီးတို့အား ရွှေကြာသင်္ကန်းတော်၊ မြသပိတ်တော်ဖြင့်  ဆွမ်းတော် ၊ သစ်သီး၊ ပန်းမန်နှင့် ရေချမ်းတော်တို့ကို ဒုတိယဝန်ကြီး ဦးမင်းထိန်၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊  သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ဦး၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းနှင့် နေပြည်တော် သာသနာရေးမှူး ဦးဆန်းထွန်းအောင် တို့က ကပ်လှူပူဇော်ကြသည်။

ယင်းနောက် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားကိုဆက်လက်  ကျင်းပရာ သံဃာတော်များအား ဗုဒ္ဓဘိသေကအနေကဇာတင်မည့် နေရာသို့ ပင့်ဆောင်၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက နမော တဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာ တင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။

ဆက်လက်၍ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ရတနသုတ်၊ မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြသည်။ ထို့နောက် အကြီးအကဲများနှင့် တက်ရောက်လာကြသူများကဆရာတော်  သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်တို့က ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်