ရန်ကုန် မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၁ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူ သိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သာကေတ မြို့နယ်၊ တိပိဋကာ လင်္ကာရ ကျောင်းတိုက်ဆရာတော် ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီး များ တက်ရောက်ကြပြီး သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သာကေတမြို့နယ်၊ တိပိဋကာ လင်္ကာရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ မဟာထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိ မဟာထေရ်မြတ်က သမ္မောဒနီယသြဝါဒကထာ မြွတ်ကြားတော်မူသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၇၈)ပါး၊ သီလရှင်ဆရာကြီး(၈)ပါး စုစုပေါင်း (၁၈၆)ပါးတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ခြင်းနှင့် သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ်(၁၁)ဦးတို့အား ဘွဲ့တံဆိပ်များ အပ်နှင်းခြင်းတို့ကို ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဋ္ဌိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချနာယက ဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလ အရှင်မြတ်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား အဆောင်အယောင်နှင့်တကွ ပင့်ဆောင်၍ ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ အခမ်းအနားကို ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

20 May, 2025

20 May, 2025