Skip to main content

ဝန်းသိုမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ဝန်းသို မတ် ၂၆ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် တောင်သူများ၏ လယ်ယာထွက်ကုန်၊ ထုတ်ကုန်များ ဈေးကွက်သို့ အချိန်မီလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ ၊ ဖောက်လုပ်ပေးလျက်ရှိရာ မြိုင်ဇေယျာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။ “ယခု ဖောက်လုပ်ထားတဲ့ ကျေးလက်ကုန်ထုတ်လမ်းက အရင်က ကျွန်တော်တို့နေတဲ့ ရွာဟောင်းလေးပါ။ ကျွန်းပင်သာရွာလို့ခေါ်တယ်။ ဒေါင်းမြူးချောင်းဘေးဆိုတော့ မိုးများတိုင်းရေနစ်တယ်။ အဲဒါနဲ့ ရေလွတ်တဲ့နေရာမှာ ရွာသစ်တည်ပြီး မြိုင်ဇေယျာရွာလို့ အမည်မှည့် ပြီး ပြည်ထဲရေးအမည်ပေါက်ရွာ ဖြစ်နေပါပြီ။ ရွာဟောင်းက အိမ်မြေနေရာမှာတော့ သူ့အကွက်၊ ကိုယ့်အကွက် ရာသီပေါ်သီးနှံ စိုက်ကြပါတယ်၊ စပါးခင်းတွေ၊ သီးနှံခင်းတွေကထွက်တဲ့ ထွက်ကုန် တွေကို သယ်ပို့ဖို့ အခက်အခဲရှိခဲ့ပါတယ်။ အခုဖောက်တဲ့ ကုန်ထုတ် လမ်းက ရေလွတ်တဲ့အထိ မြင့်တယ်။ အဲဒီတော့ ရာသီမရွေးသွားလာ နိုင်ပြီး အချိန်မရွေး ထွက်ကုန်တွေ၊ ထုတ်ကုန်တွေသယ်ပို့နိုင်လို့ အဆင်ပြေသွားပြီ”ဟု ကျေးရွာ တာဝန်ခံ ဦးမောင်ငွေက ပြောပြသည်။ မြိုင်ဇေယျာကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည် ဝ/ ၅မိုင် ရှိပြီး အကျယ် ၁၂ ပေ၊ အမြင့် မြေသားနှစ်ပေထုနှင့် ဂျင်းမြေကိုးလက်မထု၊ စုစုပေါင်း ၂ ပေ ၉ လက်မရှိကြောင်း၊ ခွင့်ပြုငွေကျပ် ၂၆ ဒသမ ၆၅ သန်းဖြင့် ယမုံကောင်း ကုမ္ပဏီက တာဝန်ယူဖောက်လုပ်ခဲ့ကြောင်း၊ ဆက်လက်ပြီး ယင်းလမ်းပေါ်ရှိ လိုအပ်နေသော တံတားများကိုလည်း ခွင့်ပြုငွေကျပ် ၇ ဒသမ ၆၅၉ သန်းဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ လမ်းအရည်အသွေး CBR တိုင်းတာ စစ်ဆေးခြင်းကိုလည်း အလွှာလိုက် စစ်ဆေးခဲ့ကြောင်း၊ ယင်းလမ်းဆောင်ရွက်ပြီးစီးခဲ့ သဖြင့် ဒေသခံများအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ မွှေးကြူဇင်