Skip to main content

သီတဂူဆရာတော်ကြီး၏ သက်တော် (၈၄)နှစ်ပြည့် မွေးနေ့မင်္ဂလာအဖြစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ခုနစ်ခုမှ သံဃာတော်အပါး ၁၂၀၀ အား လှူဖွယ်ပစ္စည်းများ လှူဒါန်းမည်

စစ်ကိုင်း မတ် ၂၆ ၂၀၂၁ ခုနှစ်မတ်လ၂၇ရက်နေ့၊ (တပေါင်းလပြည့်နေ့) တွင် ကျရောက်မည့် ကျေးဇူးရှင် အဘိဓဇ မဟာ ရဋ္ဌဂုရု၊ တွဲဖက် ရွှေကျင် သာသနာပိုင် သီတဂူ ဆရာတော်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် မွေးနေ့မင်္ဂလာတွင် မြန်မာပြည်အနှံ့အပြားရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ခုနှစ်ခုမှ သံဃာတော် အပါး ၁၂၀၀ အား လှူဖွယ်ပစ္စည်းများ လှူဒါန်းမည် ဖြစ်ကြောင်း စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ သိရသည်။ ယခုနှစ်၌ တစ်ကမ္ဘာလုံးတွင် ကျရောက်နေ သော ကိုဗစ်- ၁၉ ရောဂါကြောင့် သီတဂူဆရာတော် ကြီး၏ မွေးနေ့မင်္ဂလာကို ယခင်နှစ်များကဲ့သို့ မကျင်းပတော့ဘဲ သီတဂူဆရာတော်ကြီး ဦးစီး တည်ထောင်ထားသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ခုနစ်ခုမှ စုစုပေါင်း သံဃာတော်အပါး ၁၂၀၀ ကို လှူဖွယ်ပစ္စည်းများသာ လှူဒါန်းမည်ဖြစ်ကြောင်း စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မှ ဆရာတော် အရှင်ကောဝိဒက မြွက်ကြား သည်။ ။ “အစက စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုး ကြီး (၃)ရပ်က ရဟန်း၊ သာမဏေ၊ သီလရှင်တွေပါ ဆွမ်းဆန်တော်၊ ဆီစတဲ့ လှူဖွယ်ပစ္စည်းတွေ လှူဒါန်း ဖို့ရာ အကြောင်းကြောင်းကြောင့် ဖျက်ပစ်လိုက်ရ တယ်။ အခု သီတဂူဆရာတော်ကြီး ဦးစီးတည်ထောင် ထားတဲ့ မြန်မာပြည်မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ခုနစ်ခု ရှိတယ်။ အဲဒီတက္ကသိုလ် ခုနစ်ခုက သံဃာ အပါး ၁၂၀၀ ကို သင်္ကန်း၊ စောင်၊ မျက်နှာသုတ်ပဝါ၊ ဆပ်ပြာခဲ၊ သွားတိုက်တံစတဲ့အသုံးဆောင်ပစ္စည်းတွေ လှူဒါန်းပါမယ်။ လှူဒါန်းတဲ့အခါ သံဃာတော်တွေ အကုန်လုံး မပင့်ဖိတ်တော့ဘူး။ တက္ကသိုလ်တစ်ခု ကို တစ်ပါးဖိတ်ပြီး ပေးအပ်လှူဒါန်းမှာပါ”ဟု ဆရာ တော်က မြွက်ကြားသည်။ ခိုင်ဇေယျ