ရန်ကုန် မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြမှုတွင် ပါဝင်သူများအား အင်းစိန်ဗဟို အကျဉ်းထောင်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)အရ ထိန်းသိမ်းထားခဲ့ရာမှ ယနေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြန်လည်လွှတ်ပေးမည့်သူများအား အင်းစိန်ဗဟို အကျဉ်းထောင်ဝင်းရှိ အားကစားခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းတင့် က ဆုံးမသြဝါဒစကား ပြောကြားပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး ဦးစိုးစိုးဇော်က အမှာစကား ပြောကြားသည်။
ထို့နောက် ပြန်လည်လွတ်မြောက်လာသူများအား YBS ယာဉ်များဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ယနေ့ ပြန်လည်လွှတ်ပေးခဲ့သူများတွင် အမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၇၃ ဦး၊ စုစုပေါင်း ၃၂၂ ဦး ရှိကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြမှုတွင် ပါဝင်သည့်သူများအား အင်းစိန်ဗဟို အကျဉ်းထောင်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)အရ ထိန်းသိမ်း ထားခဲ့ရာမှ မတ် ၂၄ ရက်က အမျိုးသား ၃၆ဝ ၊ အမျိုးသမီး ၂၆၈ ဦး၊ စုစုပေါင်း ၆၂၈ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ/လင်းလတ်)