Skip to main content

ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းအား ပဉ္စမအကြိမ် ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၆ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းအား ပဉ္စမအကြိမ် ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒဏ္ခိသီရိမြို့နယ်ရှိ ဗုဒ္ဓဉယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာမဏ္ဏပ်၌ ကျင်းပ သည်။ အဆိုပါအခမ်းအနားသို့ လယ်ဝေးမြို့နယ်သံဃနာယက ဉက္ကဌ မြို့ဦးဓမ္မာရုံဆရာတော် ဘဒ္ဒန္တအဂ္ဂစာရ အမှူးပြုသောဆရာတော်သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး လယ်ဝေးမြို့နယ်သံဃနာယကဆရာတော် အမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရား ဒါယ ကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က အရိယာသာဝိတ္ထီဂါထာ၊ ဘုရား ဂုဏ်တော်ကိုးပါး၊ ပဌာန်းပစ္စယုဒ္ဒေသပါဠိတော် ပါဝင်သော ရတနတ္တယပူဇာ ဂါထာများနှင့် မေတ္တာပို့လင်္ကာများကို သံပြိုင် ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။ ဆက်လက်ပြီး ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဆင်းတု တော် အပိုင်း(၄)ကို လယ်ဝေးမြို့နယ်သံဃနာယကဆရာတော်က ဦးဆောင်၍ တက်ရောက် လာကြသည့် တပ်မတော်အရာရှိကြီးများ၊ ဘုရား ဒါယကာများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပူဇော်ကြပြီး ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာ အချိန်တွင် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၄)ကို အပူဇော်ခံမည့်နေရာသို့ ဆက်လက်ပင့်ဆောင်တော်မူကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ် သိမ်းခဲ့ရာ ဝတ်အသင်းများက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာများဖြင့် မေတ္တာဘာဝနာ ပွားများပူဇော်ခြင်းနှင့် အမျှပေးဝေခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအောင်မြင် ပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးခဲ့ကြသည်။ ယနေ့ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်တော် မြတ်ကြီး၏ ဆင်းတုတော် အပိုင်း ၂ အရန် အလေးချိန် ၅၆၃ တန်နှင့် ဆင်းတုတော်အပိုင်း ၄ အလေးချိန် ၈၀၀ တန်ရှိပြီး အဆိုပါအစိတ်အပိုင်းများအား မတ်လ ၂၀ ရက်နေ့တွင် ဆီးမီခုံ ဆိပ်ကမ်းမှ Modular Trailer များဖြင့် ပင့်ဆောင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မင်္ဂလာနေရာသို့ မတ် ၂၅ ရက်တွင် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)