Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအား အကြမ်းဖက် သူများမှ မီးပုလင်းဖြင့်ပစ်ပေါက်

နေပြည်တော်၊ မတ် ၂၄ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ မြောက်ပိုင်းခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးအား အင်းစိန် လမ်းမကြီး အတိုင်းမောင်းနှင်လာသော ယာဉ်အမှတ်(စိစစ်ဆဲ) Landcruiser ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး (စိစစ်ဆဲ)မှ မီးပုလင်းဖြင့် အကြောင်းမဲ့ရန်ပြုပစ်ပေါက်ကာ မရမ်းကုန်းမြို့နယ်ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေး သွားခဲ့ပါသည်။ မီးပုလင်းဖြင့် ရန်ပြုပစ်ပေါက်မှုကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး အတွင်းရှိ လက်ဆေး ဘေစင် ၁ ခု၊ ကြော်ငြာဆိုင်းဘုတ် ၃ ခု၊ ကြော်ငြာဗီနိုင်းစ ၂ ခုနှင့် အမှိုက်ပုံး ၁ ပုံး တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး နံနက် ၄ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ သတင်းရလျှင်ရခြင်း အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ပစ်ပေါက်ရာတွင် အသုံးပြုခဲ့သည့် Myanmar Beer ပုလင်းခွံ ၈ လုံးနှင့် မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအား မီးပုလင်းဖြင့် အကြောင်းမဲ့ရန်ပြု ပစ်ပေါက်သူ များအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။