နေပြည်တော်၊ မတ် ၂၄
၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက်ကိရိယာများ ပြုလုပ် နေကြောင်းသတင်းအရ ရန်ကင်းမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြနန္ဒာလမ်း၊ ခြံအမှတ် (၄၄၉)ရှိ မင်းလွင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ပါသည်။
ထိုသို့ရှာဖွေခဲ့ရာ အိမ်အတွင်း၌ မင်းလွင် (၄၈)နှစ် (ဘ) ဦးသောင်းညွှန့်နှင့်အတူ ဇွဲမင်းကို (၂၂)နှစ် (ဘ) ဦးမင်းလွင်၊ ညီသက်ထွေး (၂၈)နှစ် (ဘ) ဦးလှသန်း၊ ပြည့်ဖြိုးမောင် (၂၆)နှစ် (ဘ) ဦးစောအယ်ဝါး၊ တင်ကိုဦး (၂၄)နှစ် (ဘ) ဦးကျော်မြင့်၊ ချစ်ကိုဦး (၂၇)နှစ် (ဘ) ဦးကျော်မြင့် တို့(၆)ဦးအား တွေ့ရှိသဖြင့် ထိန်းသိမ်းခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ဂျင်ကလိ ၁၉၀ ချောင်း၊ ဂျင်ကလိပြုလုပ်ရန် ပိုင်းဖြတ်ထားသော သံချောင်း ၃၀၀ ချောင်း၊ စမုတ်တံ ၂၀ ချောင်း၊ လေးခွ ၇ လက်၊ လက်လုပ်မီးခိုးမိုင်း ၁ လုံး၊ ဒိုင်းမျိုးစုံ ၂၇ ခု၊ ကျည်ကာအင်္ကျီမျိုးစုံ ၃ ထည်၊ ယမ်းစိမ်း ၃ ကျပ်သား၊ ဦးထုပ်မျိုးစုံ ၁၀ လုံး၊ လက်အိတ်အကြီး/အသေး ၅ စုံ၊ ဖြတ်စက် ၂ လုံး၊ ဖောက်စက် ၁ လုံး၊ မီးပုလင်းပြုလုပ်မည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။
ဖြစ်စဉ်ပါ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်ကိရိယာများ ပြုလုပ်နေသူ မင်းလွင်ပါ(၆)ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။