Skip to main content

ရန်ကုန်နှင့်နေပြည်တော်ရှိ ဗဟိုအဆင့်ဆေးရုံများတွင် ဆေးရုံလုပ်ငန်း ပုံမှန်ပြန်လည်ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၄ ရန်ကုန်နှင့် နေပြည်တော်ရှိ ဗဟိုအဆင့်ဆေးရုံများတွင် ဆေးရုံလုပ်ငန်း ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန COVID-19 Central Command Centre ၌ ကျင်းပသည်။ အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ပြည်သူအများစုအနေဖြင့် ပြည်သူ့ ဆေးရုံများကို အဓိက အားထား နေရပါကြောင်း၊ ဆေးရုံအုပ်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများ အားလုံးသည် အရေးကြီးသော အခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ပြည်သူများအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးရမည့်တာဝန်ကို ခေတ်အဆက်ဆက် က ဆေးပညာရှင်ကောင်း ပီသစွာ တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ ယခု ကြုံတွေ့နေရသည့် အခက်အခဲကာလတွင်လည်း မိမိတို့အနေဖြင့် တတ်နိုင် သမျှ ကြိုးပမ်းဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ မွန်မြတ်သည့် ဆေးပညာရှင်များ၏ ဂုဏ်ကို ဆက်လက် ထိန်းသိမ်း သွားကြရန် လိုအပ်ပါကြောင်း၊ COVID-19 ပထမလှိုင်း၊ ဒုတိယလှိုင်းတို့တွင်လည်း အခက်အခဲ များကြားမှ အောင်မြင်စွာ ကျော်ဖြတ်လာခဲ့ကြပြီး ဖြစ်ပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ “ကျန်းမာရေး ဝန်ထမ်းများအား ပန်ကြားချက်”ဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများအကျိုးကို ရှေးရှု၍ မိမိတို့ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် ထမ်းဆောင်ကြပါရန် အလေးအနက်ထား တိုက်တွန်းနှိုး ဆော်ပန်ကြားလျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစတင်ကာ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ကျရာ ဆေးရုံများ၊ ရုံး/ဌာနများသို့ ပြန်လည် ဝင်ရောက် တာဝန်ထမ်းဆောင်ရန် အခက်အခဲရှိပါက ဆက်သွယ်နိုင်ရန် ဝန်ကြီးဌာန Call Center တယ်လီဖုန်း နံပါတ် /အီးမေးလ် လိပ်စာများကိုလည်း အသိပေး ပန်ကြားလျက်ရှိပါကြောင်း။ ဆေးကုသရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး လိုအပ်မည့် ဆေးရုံစီမံခန့်ခွဲမှုများကို ဆေးရုံအုပ်ကြီးများ အနေဖြင့် စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆေးရုံများနှင့် ဆေးကုသမှု အထောက်အကူပြု စက်ပစ္စည်း များသည် နိုင်ငံတော်ပိုင်ပစ္စည်းများ ဖြစ်သဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများ၌ ကုသရေးနှင့် ရောဂါရှာဖွေ ရေးအတွက် လိုအပ်သော အဆင့်မြင့်စက်ပစ္စည်းများကိုလည်း ယခုဘဏ္ဍာရေးနှစ်အတွင်း၌ ဝယ်ယူတပ်ဆင်နိုင်ရေး ဆောင်ရွက်ထားပါကြောင်း၊ လိုအပ်သောဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး နှင့် ပိုလျှံဆေးဝါးများ/ သက်တမ်းလွန်ဆေးဝါးများ မဖြစ်ပေါ်ရအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်မှ ပေးအပ်ထားသော ဘဏ္ဍာငွေများကို လေလွင့် ဆုံးရှုံးမှု မရှိစေဘဲ ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲနေရသော ပြည်သူများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန် အကျိုးရှိစွာ အသုံးပြုနိုင်စေရေး ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ခြင်းမရှိသော ကျန်းမာရေးဝန်ထမ်းများ ပြန်လည် ဝင်ရောက် နိုင်ရေး အားပေးကူညီကြရမည်ဖြစ်ပါကြောင်း။ COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှု ကောင်းမွန်မှသာ COVID-19 တတိယလှိုင်း ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် ဆက်လက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ပြည်သူ့ဆေးရုံများ၌ ညတာဝန်ကျဝန်ထမ်းများအတွက် ညစာစားစရိတ် ထောက်ပံ့နိုင်ရေး အပါအဝင် ဝန်ထမ်းများ ရသင့်ရထိုက်သော ထောက်ပံ့ကြေးများရရှိအောင် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆေးရုံအုပ်ကြီးများအပါအဝင် ဘာသာရပ်တာဝန်ခံဆရာဝန်ကြီးများအနေဖြင့် တာဝန်ရှိ သည်နှင့်အညီ မိမိအုပ်ချုပ်မှုအောက်ရှိ ဝန်ထမ်းများ လမ်းမှားမရောက်စေရန် လမ်းမှန်ကို ညွှန်ပြ ပေးပါရန်၊ ဆေးရုံစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးများ ပြုလုပ်ကာ ဆေးရုံလုပ်ငန်း ပုံမှန်ဆောင် ရွက်နိုင်ရေး တိုင်ပင်ဆောင်ရွက်ရန်၊ ဝန်ထမ်းရေးရာကိစ္စများ အချိန်နှင့်တပြေးညီ အကြောင်းကြား ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့၏ပင်မတာဝန်ဖြစ်သည့် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် ပူးပေါင်း ကြိုးစားပေးကြပါရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းက ဘဏ္ဍာရေး/ဝန်ထမ်းရေးရာ ကိစ္စရပ်များ ကိုလည်းကောင်း၊ ကုသရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဆေးကုသရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး၊ ဆေးရုံစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ဆေးရုံသုံးစက်ပစ္စည်းများ ထိန်းသိမ်းခြင်းတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ အစည်းအဝေးသို့ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်နှင့် နေပြည်တော်ရှိ ဗဟိုအဆင့် ဆေးရုံ အုပ်ကြီးများ တက်ရောက်ကြသည်။ (သတင်းစဉ်)