နေပြည်တော် မတ် ၂၄
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၂၀၂၁ ခုနှစ် မတ် ၄ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၂၁ အရ အဖွဲ့ဝင် ၉ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးဖြစ်သည့် (၂/၂၀၂၁) ကြိမ်မြောက် အစည်း အဝေးကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ အဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း နှင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းသစ် (၁၀)ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၅၇၉ ဒသမ ၀၁၉) သန်းနှင့် ငွေကျပ် (၃၆ ဒသမ ၇၈၁) ဘီလီယံ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၉၄၅) နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်သည်။
ယခုအစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုနိုင်ရေး အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများကို လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပြန်လည် ဖွဲ့စည်းပေးခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသ ပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှု၏ ၁၄ ဒသမ ၆၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြသည်။
(သတင်းစဉ်)