Skip to main content

တောင်ကြီးမြို့နယ်အတွင်းရှိ အခွန်ရုံးနှင့်အခွန်ရုံးအောက်ရှိ မော်တော်ယာဉ်များအား မီးရှို့ရန် လာရောက် သူများအား ဖမ်းဆီးရမိမှုမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင် ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၂၃ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မတ် ၂၂ ရက် ည ၈ နာရီ ၄၀ မိနစ် ခန့်တွင် အနောက်မြို့ပတ်လမ်း၊ ကျောင်းကြီးစုရပ်ကွက်၊ Mytel ရုံးအနီး၌ မသင်္ကာဖွယ် ဆိုင်ကယ် ၄ စီးအား စစ်ဆေးရန် တားဆီးစဉ် နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံး လုပ်နည်း များနှင့်အညီ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရွှေဖြူကျေးရွာနေ ရှိုင်းဘိုဘို(ဘ) ဦးသိန်းတန်နှင့် ကျောင်းကြီး စုရပ်ကွက်၊ ဖရဲလမ်းနေ သိန်းဇော်မြင့်(ဘ)ဦးစိန်လင်း တို့အား မီးရှို့ရန်အဝတ်စဖြင့် အသင့်ပြုလုပ်ထားသော ဓာတ်ဆီ ၃ ပုလင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။ ၎င်းတို့အား စစ်ဆေးမေးမြန်းချက်အရ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲလမ်းရှိ OK 26 စားသောက်ဆိုင်ပိုင်ရှင် သက်ပိုင် က အခွန်ရုံးနှင့်အခွန်ရုံးအောက်ရှိ မော်တော်ယာဉ်များအား မီးရှို့ရန်စေခိုင်းသဖြင့် ထွက်ခွာလာစဉ် ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက OK 26 စားသောက်ဆိုင်အား ည ၁၁ နာရီခန့် တွင် ဝင်ရောက်ရှာ ဖွေခဲ့ရာ ဆိုင်အလုပ်သမားများဖြစ်ကြသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား မီးပုလင်း အကြီး ၂၇ လုံး၊ မီးပုလင်းအသေး ၁၄ လုံး၊ အောက်ဆီဂျင်ဘူး ၁၇ ဗူး၊ လက်လုပ်ဗုံး ၅ လုံး၊ ဓာတ်ဆီပုလင်း ၂ လုံး၊ သံချေးချွတ်ဆေး ၆ လုံး၊ ဓာတ်ငွေ့ကာ ၁၂ ခု၊ လက်လုပ်သေနတ် ၁ လက်၊ ဂျင်ကလိ ၁၁ ချောင်း၊ ၁ ပေခန့်ရှိ ဓား ၄ ချောင်း၊ နွေဦးတော်လှန်ရေးစာတမ်းပါအင်္ကျီ ၃ ထည်၊ ICON တံဆိပ်ပါ ကျည်ကာ (ကင်မရာနှင့်တွဲလျက်) ၁ ခု၊ ဖိုက်ဘာဦးထုပ် ၁၄ လုံး၊ နေကာမျက်မှန် ၈၉ ခု၊ NLD အလံ အသေး ၅ ခုနှင့်ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်တွင် အဓိက ဦးဆောင်သူဖြစ်သည့် OK 26 စားသောက်ဆိုင်ပိုင်ရှင် ဖြစ်သူ သက်ပိုင် အား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင် များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။