Skip to main content

နိုင်ငံ့ဝန်ထမ်း ကြိုးပမ်းထမ်းရွက် ပြည်သူ့အတွက်

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့်ပြည်သူများ အကျိုးစီးပွားအတွက် နိုင်ငံ့ဝန်၊ ပြည်သူ့ဝန်ကို ထမ်းရွက်ကြ ရသူများ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်းဟု ခေါ်ဆိုကြပါသည်။ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို ထမ်းရွက်ကြသဖြင့် မွန်မြတ်သော အမှုတော်ထမ်းများဖြစ်ပါသည်။ သက်ဆိုင်ရာလုပ်ငန်းများကို လုပ်ခ လစာနည်းပါးစွာဖြင့် စေတနာရှေ့ထားကာ ထမ်းရွက်ကြသူများဖြစ်သဖြင့် ဂုဏ်ယူ ထိုက်သူများ ဖြစ်ကြပါသည်။ အစဉ်အလာမပျက် ထမ်းရွက်ခဲ့ကြသော မွန်မြတ်ဂုဏ်ယူဖွယ်ရာကောင်းသည့် နိုင်ငံ့ဝန်ထမ်းများ၏ပုံရိပ်သည် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလနိုင်ငံရေးအပြောင်းအလဲတွင် စွန်းထင်းညစ်ထေးခဲ့ရပါသည်။ အဖျက်လုပ်ရပ်ကို ရှေးရှုသော နိုင်ငံရေးသမားအချို့က CDM ဟူသော လှုပ်ရှားမှုဖြင့် သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် အချို့ ဝန်ထမ်း များသည် လုပ်ငန်းခွင်မှစွန့်ခွာပြီး ပျက်ကွက်မှုများရှိခဲ့ပါသည်။ စိတ်အခံ ခံစားချက်များ၊ သွေးထိုးလှုံ့ဆော်မှုများ၊ မသိနားမလည်မှုများ၊ ဖိအားပေးအကျပ်ကိုင်မှုများကြောင့် CDM တွင် ပါဝင်ခဲ့ကြပါသည်။ ။ ဂုဏ်ယူဖွယ်ကောင်းသည့် ဝန်ထမ်းတစ်ဦးဖြစ်လာရေးမှာ လွယ်ကူသော အလုပ်မဟုတ်ပါ။ မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်ဖြင့် ကာလရှည်ကြာ တာဝန် ထမ်းဆောင်ခဲ့ကြသူများဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် နှင့် ပြည်သူ့အကျိုးစီးပွားအတွက် အသိတရားပြန်လည်ရရှိလာမည့်အချိန်ကို စိတ်ရှည် သည်းခံကာ စောင့်ဆိုင်း ပေးခဲ့ပါသည်။ ဝန်ထမ်းများသည် မတူကွဲပြားသော ခံယူ ချက်များ၊ ယုံကြည်ချက်များ ရှိမည်ဖြစ်သော်လည်း နိုင်ငံတော် နှင့် ပြည်သူ့အကျိုး စီးပွားကို သယ်ပိုးထမ်းရွက်မည်ဆိုသည့် မွန်မြတ်သောစိတ်ထားများထားရှိကာ မည်သည့် အစိုးရခေတ်တွင်ဖြစ်စေ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရမည် ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်အစိုးရက နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ငန်း များပြန်လည်လည်ပတ်ရေး၊ ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနေပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆေးရုံများမှ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းများမှ ဆရာ ဆရာမများ ပျက်ကွက်မှုအချို့ရှိသည်ကို တွေ့ရပါသည်။ ပျက်ကွက်မှုဖြစ်ပေါ်သည့် ဝန်ထမ်းများသည် CDM ပြုလုပ်ရန်အတွက် ခြိမ်းခြောက်ခံရခြင်း၊ တာဝန် ပြန်လည် ထမ်းဆောင်လျှင် အရေးယူခံရဖွယ်ရှိမည်ကို စိုးရိမ် ပူပန်ခြင်းတို့ကြောင့် ပျက်ကွက်မှု များရှိနေသည်ဟု သိရပါသည်။ ဝန်ထမ်းများကို ဖိအားပေးခြိမ်းခြောက်ခြင်းများရှိလျှင် သတင်းပေးပို့ တိုင်ကြားသွားရန် အသိပေးထားပြီး သက်ဆိုင် ရာက အကာအကွယ်ပေးသွားမည် ဖြစ်သည်။ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်း များကို လိုက်နာ ရမည်ဖြစ်ပြီး မိမိတို့လုပ်ငန်းတာဝန် ပျက်ကွက်နေမှုများသည် ပြစ်မှုကျူးလွန်သည့် အဆင့်မ ဟုတ်ပါက ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုသာဖြစ်၍ ပထမအကြိမ် အနေဖြင့် ခံဝန်ကတိ လက်မှတ်ရေးထိုးရ မည်ဖြစ်ပြီး ထပ်မံစည်းကမ်းဖောက်ဖျက် လာမှသာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ အရေးယူခြင်းခံရ မည်ဖြစ်သည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုး ထမ်းဆောင်သင့်ပါသည်။ မိမိတို့စိတ်ဆန္ဒများကို ဖွပ်လျှော်ဆေးကြော၍ မိမိတို့ဘဝ များကို ပြန်လည်တည့်မတ်ကြရန်လိုပါသည်။ ဘဝတူဝန်ထမ်းအချင်းချင်းလည်း စာနာထောက်ထား ကာ ပြန်လည်တည့်မတ်ပေးကြရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်း ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းများကို ဝေဒနာရှင်ပြည်သူ များက စောင့်စားမျှော်လင့်နေကြပြီး ကျောင်းသား ကျောင်းသူများကလည်း မိမိတို့ ဆရာ ဆရာမများကို သတိရနေကြမည် ဖြစ်သည်။ ယခုအခါ ဆရာဝန်များ CDM ပြုလုပ်သောကြောင့် ဆေးရုံအချို့ ပိတ်ထား ရဆဲဖြစ်သည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရသည်။ ဒေသခံပြည်သူများက တပ်မတော်မှ ကူညီဆောင်ရွက်ပေးပါရန် တောင်းဆိုမှုများလည်း ရှိနေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများအား ပြန်လည် တာဝန် ထမ်းဆောင်မှုကို ခွင့်ပြုပေးထားပြီး ဆက်လက်တာဝန်ထမ်းဆောင် ခြင်း မရှိတော့သည့်အခါ လစ်လပ်ရာထူး နေရာ များအတွက် အစားထိုးဝန်ထမ်း ခန့်ထားသွားမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု အကျိုးစီးပွား အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ခွင်သို့ ပြန်လည် ဝင်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံရေးအရောင်အသွေးများနှင့် လွဲမှားသည့်ခံယူချက်များ မထား ရှိဘဲ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကိုရှေးရှုကာ နိုင်ငံ့တာဝန်များကို ပြန်လည်ထမ်းဆောင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။