Skip to main content

ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ကျေးရွာနေပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

ညောင်ဦး မတ် ၂ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု မှန်တောကျေးရွာတွင် စက်ရေတွင်း ချွတ်ယွင်းပျက်စီးနေသဖြင့် ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရ၍ မတ်၂၀ရက်ကညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတရေလှူအဖွဲ့က ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ လှူဒါန်းပေးသည်။ ညောင်ဦးမြို့နယ် မှန်တောကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော် နေထိုင်လျက်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကာ ဒေသခံ ပြည်သူများအနေဖြင့် သောက်သုံးရေအတွက် ကျေးရွာရှိ အဝီစိစက်ရေတွင်းကိုသာ မှီခိုအားထားပြု ၍ သောက်သုံးနေရကာ ယခုလို စက်ရေတွင်း ချွတ် ယွင်းပျက်စီးသွားသည့်အချိန်တွင် အနီးဝန်းကျင် ကျေးရွာများသို့ သွားရောက်၍သောက်သုံးရေဝယ်ယူ သုံးစွဲနေရသဖြင့် ကျေးရွာနေပြည်သူများက ပွင့်လင်း ရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုမဖြစ်စေရေး လာရောက်လှူဒါန်းပေးရန် အကူအညီတောင်းခံမှုကြောင့် မတ် ၂၀ ရက်က ညောင်ဦးမြို့နယ် ပရဟိတ ရေလှူ အဖွဲ့က သောက်သုံးရေအလှူ ရှင် ရန်ကုန်မြို့နေ ဦးသိန်းတန် မိသားစုမှ လှူဒါန်းသည့် ရေဂါလန် ၁၆၀၀ ကို အလှူရှင်မိသားစုကိုယ်စား သွားရောက်၍ ကျေးရွာရှိ အိမ်ခြေ၊ လူဦးရေအလိုက် သောက်သုံး ရေဖူလုံစေရေး ခွဲဝေလှူဒါန်းပေးသည်။ ညောင်ဦးမြို့အတွင်းရှိ အညာကျေးလက် ဒေသများတွင် မိုးရွာသွန်းမှု နည်းသဖြင့် ကျေးရွာများရှိ မြေသားမိုးရေလှောင်ကန်များ ရေဝင်ရောက်မှုလျော့နည်း၍ ဆောလျင်စွာ ရေခန်း ခြောက်မှုများ ကြုံတွေ့နေရပြီး ကျေးရွာနေ ပြည်သူ များ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့ နေရကြောင်း၊ အချို့ကျေးရွာများတွင် အဝီစိစက်ရေတွင်း ရှိသော်လည်း ရေငန်ထွက်ရှိခြင်းနှင့် ထုံးဓာတ် များခြင်းတို့ကြောင့် သောက်သုံးရန် အဆင်မပြေ ဖြစ်ခြင်း၊ ရေချိုထွက်ရှိသော စက်ရေတွင်းရှိသည့် ကျေးရွာများတွင် ကျွဲ၊ နွား တိရစ္ဆာန်များနှင့် အိမ်ထောင်စု၊ လူဦးရေများခြင်းတို့ကြောင့် သောက် သုံးရေ လုံလောက်မှုမရှိခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။ ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများအနေဖြင့် ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ ပွင့်လင်းရာသီကာလ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သောက်သုံးရေများ ကုသိုလ်ပြု ပါဝင်လှူဒါန်းလိုပါက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ပရဟိတရေလှူ အဖွဲ့မှဦးဝင်းမင်းထွန်း၊ ဖုန်း-၀၉-၄၂၀၃၈၀၇၇၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)