နေပြည်တော် မတ် ၁၈
လှိုင်သာယာမြို့နယ်တွင် မတ် ၁၅ ရက်က အကြမ်းဖက်သူများ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော အမျိုးသမီးအား သေဆုံးလျက် ပြန်လည်တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် အောင်မေတ္တာ ရပ်ကွက်၌ အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦးအား မတ် ၁၄ ရက် ည ၉ နာရီခန့်တွင် ဆူပူအကြမ်းဖက်သူ အရပ်အခေါ် ဝက်ကြီး(အမည်ရင်းနှင့် နေရပ်လိပ်စာ စိစစ်ဆဲ) ဦးဆောင် သည့် အင်အား ၂၀ခန့်ကတုတ်၊ ဓားများကိုင်ဆောင်ပြီး အမျိုးသမီး၏နေအိမ်သို့ ရောက်ရှိ လာကာ ညဘက်သံပုံးမတီးခြင်းအတွက် “သူလျှို”၊ “ဒလန်” အဖြစ် စွပ်စွဲ၍ စစ်ဆေးမည်ဟု ဆိုကာ ဖမ်းဆီးသွားခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူတစ်ဦး ဖမ်းဆီးရမိသည့်သတင်းအား ထုတ်ပြန်ပြီး ဖြစ်ကြောင်း။
အဆိုပါဖြစ်စဉ်တွင် လူပျောက်ဆုံးမှုနှင့်ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက အပူတပြင်းနေ့ညမပြတ်ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိရာ မတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် တွံတေးမြို့နယ် ဖျောက်ရိုးကျေးရွာအုပ်စု ဗျောက်ရိုးကျေးရွာသို့သွားသည့် လမ်းဘေးတွင် ထိုးသွင်းဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာ ဝဲယာရင်အုံကြား ပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေပြီး လှိုင်သာယာမြို့နယ်ဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် အမျိုးသမီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၍တွံတေးမြို့ ပြည်သူ့ဆေးရုံ၎င်းနယ်မြေရဲစခန်း တို့က သေမှုသေခင်းအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း။
သေဆုံးသူ ဒေါ်ဝင်းသန္တာဆွေ ၃၀ နှစ် (ဘ) ဦးချစ်ဆွေသည် ရပ်ကွက်အတွင်း သဇင် အမျိုးသမီးဖက်ရှင်အဝတ်အထည်များ အရောင်း ဆိုင်ဖွင့်လှစ်လျက် သမ္မာအာဇီဝစီးပွားရေး လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း၊ ရပ်ကွက်အတွင်း ရိုးသားစွာ၊ အေးဆေးတည်ငြိမ်စွာ နေထိုင်သူ တစ်ဦးဖြစ်သည့်အပြင် တပ်မတော်အရာရှိတစ်ဦးနှင့်လည်း အိမ်ထောင် ပြုရန် စီစဉ် ထားပြီးဖြစ်သည့် ဇနီးလောင်းတစ်ဦးလည်းဖြစ်ကြောင်း သိရသည့်အပြင် CDM ပါဝင်မှုမရှိခြင်း၊ ရပ်ကွက်အတွင်း အိမ်တိုင်း အဓမ္မသံပုံးတီးခိုင်းမှုအပေါ် မိမိစိတ်ဆန္ဒမရှိမှုကြောင့် ပါဝင်ခြင်းမရှိမှု တို့အပေါ် အငြိုးအတေးထားလျက် ယခုကဲ့သို့ မူလနေအိမ်နေရာမှ ကိုးမိုင်ခန့်ဝေးကွာသည့် နေရာသို့ ရက်စက်စွာ သတ်ဖြတ်ပို့ဆောင် စွန့်ပစ်ထားမှုအပေါ် သိရှိသူတိုင်းက စက်ဆုတ်ရွံရှာ ပြင်းထန်စွာ ရှုတ်ချမှု ရှိနေကြကြောင်းနှင့် မသင်္ကာသူများဖြစ်သော လှမျိုး(ဘ) ဦးထွန်းရီ သောင်ကြီးကျေးရွာ လှိုင်သာယာအနောက်မြို့နယ်၊ ကိုလင်း(ခ) လင်းလင်း (ဘ) ဦးလှအုန်း (၇)ရပ်ကွက် လှိုင်သာယာအရှေ့မြို့နယ်၊ အောင်ထွဋ်ထွဋ် (ခ)ကိုထွဋ် (ဘ) ဦးထွန်းထွန်း ငါးသိုင်းချောင်းမြို့နယ်။ ဝင်းသူစိုး (ခ) ချစ်မင်းနိုင် (ဘ) ဦးသောင်းရင် ကဝမြို့နယ်၊ ဝေဖြိုးစံ (ခ) ကုလားမ (ဘ) ဦးစံဝင်း၊ မိုးသီတာ (ဘ) ဦးမြင့်သိန်း၊ တင်ထွန်းအောင် (ဘ) ဦးထွန်းဆန် လှိုင်သာယာအနောက်မြို့နယ်၊ မြင့်မြင်အေး (ဘ) ဦးငွေငြိမ်း ဓနုဖြူမြို့နယ်၊ နန်းခင်ခင်ဝင်း (ဘ) ဦးစံသိန်းတို့အား ပဏာမစိစစ်ဖော်ထုတ်ရမိခဲ့ကြောင်း။
ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးနှင့် ပြင်းထန်စွာ ပြစ်ဒဏ် စီရင်ချက်ချနိုင်ရေးအတွက် လူသတ်တရားခံများအား မြို့နယ်နေပြည်သူများက ဖော်ထုတ်သတင်းပေးနိုင်ရေးလည်း သက်ဆိုင်ရာက နှိုးဆော်မေတ္တာရပ်ခံထားကြောင်း၊ သက်ဆိုင်ရာ မိသားစုများကလည်း မည်သို့ပင် ဖြစ်စေ၊ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် ဆန္ဒပြုမှုအပေါ် ကျန်ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် လူသတ်တရားခံလေးဦးနှင့် ပါဝင်ဆက်စပ်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်