၁၃၈၂- ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ ၂၀၂၁-ခုနှစ်၊ မတ်လ ၁၈ ရက်၊ ကြာသပတေးနေ့
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဆဋ္ဌအစည်းအဝေးနှင့် သတ္တမ အစည်းအဝေးများသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ဘုရား ဆရာတော်အရှင်မြတ်တို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံတော်မူကြ၍ သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု အာသီသပတ္ထနာပြုလျက် နှုတ်ခွန်းဆက်စကား လျှောက်ထား ပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား -
မြတ်စွာဘုရားက -
ယေ တေ ဘိက္ခဝေ ဘိက္ခု အဓမ္မံ ဓောတိ ဒီပေါ၊ တေ ဘိက္ခဝေ ဘိက္ခု ဗဟုဇန အဟိတာယ ပဋိပန္ဒာ ဗဟုဇန အသုခါယ ဗဟုဇော် ဇနဿ အနတ္တာယ အဟိ တာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟု တေဘိက္ခဝေ ဘိက္ခု အပုညီပသန္တိ၊ တေ စိမံသဒ္ဓမ္မံ အန္တရ ဓာပေန္တိတိ။
ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ် တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊
တရားစစ် တရားမှန်ဖြစ်သော ဓမ္မကို တရားစစ် တရားမှန် မဟုတ်သော အဓမ္မဟုလည်းကောင်း၊
ဝိနည်းစစ် ဝိနည်းမှန်မဟုတ်သော အဝိနယကို ဝိနည်းစစ် ဝိနည်းမှန်ဖြစ်သော ဝိနယဟု လည်းကောင်း၊
ဝိနည်းစစ် ဝိနည်းမှန်ဖြစ်သော ဝိနယကို ဝိနည်းစစ် ဝိနည်း မှန်မဟုတ်သော အဝိနယဟု လည်းကောင်း၊
မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်၏ဟု လည်းကောင်း၊
မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊
မြတ်စွာဘုရား အလေ့အကျင့်မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ဟု လည်းကောင်း၊
မြတ်စွာဘုရား အလေ့အကျင့်ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့်မပြုအပ်ဟု လည်းကောင်း၊
မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု လည်းကောင်း၊
မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု လည်းကောင်း ပြုကြကုန်၏။
ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ စီးပွားချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ် ကိုလည်း ဖြစ်ပွားစေသည်မည်ကုန်၏။ ထိုရဟန်းတို့သည် ဤ သာသနာတော်ကိုလည်း ကွယ်ပျောက်စေသည်မည်ကုန်၏ဟု ဟောတော်မူပါသည်ဘုရား။
(အံ၊ ၁၊ ၁၈-၁၉)
ဆရာတော်အရှင်သူမြတ်တို့ဘုရား -
ယခုသာသနာတော်နောက်ပိုင်းအချိန်အခါ၌ အဓမ္မကို ဓမ္မဟုပြခြင်း စသည်ဖြင့် လူအများ စီးပွား ချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ကျင့်ကြကုန်သည် ဖြစ်၍ များစွာသောအကုသိုလ်ကို ဖြစ်ပွားစေကြကာ သာသနာတော်ကြီး ကွယ်ပျောက်အောင် ပြုလုပ်နေကြသည့် ရဟန်းသာမဏေ များပေါ်ပေါက်နေကြသည်ကို ကြားသိနေရပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား -
ဆိုခဲ့ပြီးသော အဓမ္မကို ဓမ္မဟုပြခြင်းစသည်ဖြင့် နတ်လူအများ စီးပွားချမ်းသာမဲ့အောင် ဆင်းရဲ အောင် သာသနာတော်ကိုလည်း ကွယ်ပျောက်အောင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားနေ သည့် မြန်မာနိုင်ငံတော်၌ သာသနပစ္စတ္ထိက သာသနာ့ရန်စွယ်ဖြစ်သော ရဟန်း သာမဏေများ အင်အားမကောင်းမီ ကြိုတင်၍ ကာကွယ်ကြရန် လိုအပ်နေပြီဖြစ်ကြောင်းကို လျှောက်ထားပါ သည်ဘုရား။
ထို့ပြင် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဟု ဆုံးဖြတ်ခဲ့သောဝါဒများကို ပြန်လည် ဟောပြောနေကြသည်ကို လည်းကောင်း၊ အဓမ္မဝါဒဟု ဆုံးဖြတ်ပြီးသော စာအုပ်စာတမ်းများကို ပြန်လည်ရိုက်နှိပ် ဖြန့်ချိနေကြသည်ကိုလည်းကောင်း ကြားသိတွေ့မြင်နေကြရပါသည် ဘုရား။
ထိုအဓမ္မဝါဒကို ပြန်လည်ဟောပြောနေမှု၊ အဓမ္မဝါဒစာအုပ်စာတမ်းများကို ပြန်လည်ရိုက်နှိပ် ဖြန့်ချိနေမှုစသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖော်ထုတ်အရေးယူသင့်ပါကြောင်း ကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား။
ယင်းသို့ တိတိကျကျပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုများကို မပြုလုပ်ဘဲလျစ်လျူရှု နေပါက ယင်းအဓမ္မဝါဒများ ပြန်လည် ခေါင်းထောင်လာမည်ကိုလည်းကောင်း၊ နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်များ ဆုံးဖြတ်အပ်သော ဝိနိစ္ဆယများ အချည်းနှီးအလဟဿ ဖြစ်သွားမည် ကိုလည်းကောင်း စိုးရိမ်ပါသည်ဘုရား။ ဤကိစ္စကို လေးလေးနက်နက် ဆင်ခြင်စဉ်းစား နှလုံးထားတော်မူကြပါဘုရား။
သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း (၁) အပိုဒ်(၂) အပိုဒ်ခွဲ (က)၌ “သာသနာဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမတော်ကို ဆိုသည်” ဟုလည်းကောင်း၊ သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ အခန်း (၁) ပုဒ်မ(၂)ပုဒ်မခွဲ(ဃ)၌ “ထေရဝါဒဆိုသည်မှာ ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ သင်္ဂါယနာခြောက်တန် တင်ထားသော ပါဠိတော် အဋ္ဌကထာ၊ ဋီကာ အစရှိသော ပိဋကကိုဆိုသည်"ဟု လည်းကောင်း၊ ထို့အပြင် အခြေခံစည်းမျဉ်းအခန်း (၂) အပိုဒ် (၁၂) သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းမှု၏ ရည်ရွယ်ချက်များအပိုဒ်ခွဲ (ဂ)၌ “ပရိယတ္တိသာသနာတော် ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြော ခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီး ကာကွယ်ရန်ဖြစ်သည်”ဟု လည်းကောင်း၊ အပိုဒ် (၁၃) “ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်၏ဆောင်ရွက်ချက်ကို ဖော်ပြပါအခြေခံမူများ၊ ရည်ရွယ် ချက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခွင့်ရှိသည်” ဟု လည်းကောင်း ပြဋ္ဌာန်းထားပါသည် ဘုရား။
ဤပြဋ္ဌာန်းချက်များကို ပေါင်းရုံးသုံးသပ်ပါက မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော် ဖြစ်သော ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ သင်္ဂါယနာ ခြောက်တန်တင်ထားသော ထေရဝါဒပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာအစရှိသော ပိကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူတားဆီး ကာကွယ်နိုင်သည်ဟု အဓိပ္ပါယ်ရရှိပါသည်ဘုရား။
သို့ဖြစ်၍ ထေရဝါဒဗုဒ္ဓသာသနာတော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူတားဆီးကာကွယ်ရန် ဆောင်ရွက်ခွင့်ရှိသည်ကို သိတော်မူကြစေရန် လျှောက်ထားပါသည်ဘုရား။
ထိုသို့တားဆီးကာကွယ်နိုင်ရေး နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းထားသော ဝိနည်းဓမ္မကံအဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက် များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေအခန်း (၂) ပုဒ်မ (၆)၌ “သီးခြား ဝိနည်းဓိုရ်အဖွဲ့၏ ဝိနိစ္ဆယဆုံးဖြတ်ချက်ပါ အဓမ္မဝါဒ မပြန့်ပွားစေရန် သာသနာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်တစ်ရပ်ရပ်ကို မည်သူမျှ ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ” ဟု ပြဋ္ဌာန်းထားရာ အဆိုပါ ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေပြီး တိတိကျကျ လိုက်နာရေးကိုလည်း ဆောင်ရွက်သင့်ပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား -
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက မဟာပါလ ' အမည်ရှိသော သာဝတ္ထိပြည်သား သူကြွယ်တစ်ဦးသည် မြတ်စွာဘုရား သာသနာတော်ကို လွန်စွာကြည်ညိုသောစိတ်ဖြင့် ဘုရားရှင်ထံ ရဟန်းပြုခွင့်တောင်းပြီး ရဟန်းအဖြစ်ကို ရရှိခဲ့ပါသည်။ ငါးဝါခန့်နေပြီး ဝါကျွတ် ကာလ ပဝါရဏာပြုပြီးသောအခါ မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုး၍-
“ဘန္တေ ဣမသို့ သာသနေ ကတိ ဓုရာနိ၊ အရှင်ဘုရား ဤသာသနာတော်၌ မချွတ် ထမ်းဆောင်ရမည့် တာဝန်များသည် အဘယ်မျှရှိပါသနည်း” ဟု လျှောက်ထားမေးမြန်းရာ မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူသည်မှာ
“ဂန္ထဓုရံ ဝိပဿနာဓုရန္တိ ဒွိယေဝ ဓုရာနိ ဘိက္ခု၊ ရဟန်း ဤ သာသနာတော်၌ စာပေကျမ်းဂန် သင်အံခြင်း ဂန္ထဓုရတာဝန်၊ ဝိပဿနာ ကမ္မဋ္ဌာန်းပွားများခြင်း ဝိပဿနာဓုရတာဝန်ဟု တာဝန်နှစ်ပါးရှိကြောင်း” မိန့်ကြားတော်မူခဲ့ပါသည်ဘုရား။
(ဓမ္မ၊ ဋ္ဌ၊ ၁၊၅)
မြတ်စွာဘုရားရှင်၏ ဒေသနာနှင့်လျော်ညီစွာ တပည့်တော်များ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကလည်း အဆိုပါဓုရနှစ်ပါး ကိုသာ အားထုတ်ဆောင်ရွက်ကြရေး ညွှန်ကြားလွှာအမှတ် (၉၁) (၉၃)(၉၄)တို့ဖြင့် ညွှန်ကြားသကဲ့သို့ အခါအားလျော်စွာ ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်လျက်ရှိပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား -
ဓုရနှစ်ပါးကို အားထုတ်ပါလျှင် လာဘ်ပူဇော်သက္ကာရများပြား လာပါမည်။ လာဘ်ပူဇော်သက္ကာရ များပြားလာပါက “ဒါရုဏာ ဘိက္ခဝေ လာဘသက္ကာရ သိလောကော ကဋကော ဖရုသော အန္တရာယိကော အနုတ္တရဿ ယောဂက္ခမဿ အဓိဂမာယ” ဟူသော နိဒါနဝဂ္ဂလာဘ သက္ကာရသံယုတ်၊ ဒါရုဏသုတ်တော်လာသည့်အတိုင်း လာဘ်ပူဇော် သက္ကာရများခြင်း၊ ဂုဏ်သတင်းကျော်ကြားခြင်းသည် ခက်ထန်လှ၏။ ခါးစပ်လှ၏။ ကြမ်းတမ်းလှစွာ၏။ ယောဂလေးတန် ကုန်ရာမှန်သော အမြတ်ဆုံးဖြစ်သည့် အရဟတ္တဖိုလ်ကို ရရန်အတွက် အနှောင့်အယှက် အန္တရာယ်ဖြစ်၏။ အစရှိသဖြင့် နှလုံးသွင်းတော်မူကြလျက် ပရိယတ္တိ၊ ပဋိပတ္တိလမ်းခရီးတွင် ဆုံးခန်းတိုင်မြောက် မရောက်သေးဘဲ တစ်ဝက် တစ်ပျက်နှင့် ပြီးဆုံးလိုက်ရသော (အန္တရာ ဝေါသာနု)အခြေအနေမျိုး မဖြစ်အောင် သတိပြုရမည် ဖြစ်ပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား -
ယခုအခါတွင် တပည့်တော်များ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ၊ ထေရဝါဒဗုဒ္ဓသာသနာတော်၌ ရဟန်းသံဃာအရေအတွက် ယုတ်လျော့လာသည်ဟု ကြားသိနေရပါသည်ဘုရား။ မြတ်စွာ ဘုရားရှင်က သာသနာတော်ကွယ်ခြင်း အကြောင်းတရားငါးပါးကို ဟောတော်မူခဲ့ပါသည်။ ယင်း(၅)ပါးတို့မှ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာမတို့က -
(၁) ဘုရား၌ မရိုသေ မကိုင်းညွတ်ခြင်း၊
(၂) တရားတော်၌ မရိုသေ မကိုင်းညွတ်ခြင်း၊
(၃) သံဃာတော်၌ မရိုသေ မကိုင်းညွတ်ခြင်း၊
(၄) ကျင့်ဝတ်သိက္ခာ၌ မရိုသေ မလေးစားခြင်း၊
(၅) သမာဓိ၌ မရိုသေ မလေးစားခြင်းတို့ဖြစ်ပါသည်။
ထို့ကြောင့်သာသနာတော်အရှည်တည်တံ့ရေးကို နှိုးဆော်ခဲ့သော “ကမ္မဿကာ၊ လူဗိုလ်ပါတို့၊ ငါနှင့် မဆိုင်၊ မတတ်နိုင် ဟု၊ မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို၊ ဒုန်းဒုန်းကြီးချ၊ ရှိချေကမူ၊ ဗုဒ္ဓသာသနာ ကွယ်ပျောက်ရာ၏။ ”ဟူသော နှိုးဆော်သံကို အာရုံပြု၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အလေးထားတော်မူသင့်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား။
သို့ဖြစ်ပါ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့်တကွ သံဃာ့ ၊ အဖွဲ့အစည်းအသီးသီး၌ ပါဝင်သော အရှင်မြတ်များသည်လည်းကောင်း၊ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်၌မပါဝင်သော အရှင်မြတ်တို့သည် လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ရဟန်း သာမဏေအားလုံးတို့သည် လူအများ၏ စီးပွားချမ်းသာဖြစ်ခြင်း၊ အကျိုးဖြစ်ခြင်းငှာ နတ်လူတို့၏ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်းငှာ ကျင့်သောပုဂ္ဂိုလ်၊ များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်စေသော ပုဂ္ဂိုလ်၊ ဤသာသနာတော်ကိုလည်း တည်တံ့စေသောပုဂ္ဂိုလ်များဖြစ်အောင် ကျင့်ကြံကျိုးကုတ် အားထုတ်တော်မူနိုင်ရေး ဓမ္မပဒပါဠိတော်၌ မြတ်စွာဘုရားရှင် ဟောကြား တော်မူခဲ့သော သဒ္ဓါယ သီလေန ဝီရိယေန စ၊ သမာဓိနာ ဓမ္မဝိနိစ္စယေန စ။ သမ္ပန္နဝိဇ္ဇာစရဏ ပတိဿတာ၊ ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။
သဒ္ဓါယ၊ ရတနာသုံးတန်ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းရှိသော သဒ္ဓါတရားဖြင့်လည်းကောင်း။ သီလေန စ၊ စတုပါရိသုဒ္ဓိသီလဖြင့် လည်းကောင်း။ ဝီရိယေန စ၊ လုံ့လဝီရိယဖြင့်လည်းကောင်း။ သမာဓိနာ စ၊ သမာဓိဖြင့်လည်းကောင်း၊ ဓမ္မဝိနိစ္ဆယေန စ၊ တရားကို ဆုံးဖြတ်ကြောင်းဖြစ်သော ဉာဏ်ဖြင့်လည်းကောင်း၊ သမ္ပန္နဝိဇ္ဇာ စရဏာ၊ ပြည့်စုံသော ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့် ငါးပါး ရှိကုန်သည်ဖြစ်၍။ ပတိဿတာ၊ ထင်သော သတိရှိကုန်သည်ဖြစ်၍။ အနပ္ပကံ၊ အတိုင်းအရှည်မသိရ အလွန်ပင်ရှည်လျားလှသော။ ဣဒီ ဒုက္ခံ၊ ဤသံသရာဝဋ် ဆင်းရဲကို။ ဇဟိဿထ၊ စွန့်ကုန်ရာသတည်း ဟူသော ဒေသနာတော်ကို ရွတ်ဆိုပူဇော်ရင်း တပည့်တော်၏ သာရဏီယဩဝါဒကထာကို နိဂုံးချုပ်အပ်ပါသည်ဘုရား။