Skip to main content

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အခြေခံပညာကျောင်းအုပ်ကြီးများ စီမံအုပ်ချုပ်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း(မြို့နယ်အဆင့်)သို့ သွားရောက်ကြည့်ရှု

နေပြည်တော် မတ် ၁၇ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်း ကျောင်းနှင့် ဇေယျာသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချပ်) တို့၌ ဖွင့်လှစ်ပို့ချနေသည့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီး များ စီမံအုပ်ချုပ်ရေး (စီမံ၊ ဘဏ္ဍာ၊ ပညာ) အရည်အသွေးမြှင့် မွမ်းမံသင်တန်း (မြို့နယ့်အဆင့်) သို့ သွားရောက်ကြည့်ရှုသည်။ ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ ကြောင့် ကျောင်းများ ပိတ်ထားရသည်မှာ တစ်နှစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အခြေခံ ပညာကျောင်းများကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေး အခြေခံ စည်းမျဉ်း စည်းကမ်း (၂၂)ချက်နှင့်အညီ စိစစ်ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင် သက်ဆိုင်ရာ ပညာရေးမှူးများ၏ ပူးပေါင်း ဆောင် ရွက်မှုဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်နိုင်ရေး ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်ပြီး ဧပြီလဆန်းမှစတင်၍ ပါရဂူတန်းများ ကို လည်းကောင်း၊ မေလဆန်းမှ စတင်၍ နောက်ဆုံးနှစ်ဘွဲ့ သင်တန်း များ ကိုလည်း ကောင်း ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ထိုသို့ ဖွင့်လှစ်ပေးခြင်းဖြင့် သက်ဆိုင်ရာ ဘွဲ့အသီးသီးရရှိကာ အလုပ်အကိုင် အခွင့် အလမ်းများ အတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း။ ကျောင်းအုပ်ကြီးများအနေဖြင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန် ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်း၏ အထွေထွေလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန်ဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းစာကြည့်တိုက်များ အတွက် လိုအပ်သော စာအုပ်စင်၊ စာအုပ်ဗီဒိုများ၊ သုတ၊ ရသစာအုပ် စာစောင်များ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ကျောင်းများ အားလုံးတွင် ကျောင်းသား၊ ဆရာ အချိုးအရ ကျောင်းအတွက်လိုအပ်သော ပရိဘောဂပစ္စည်းများ၊ ရေ၊ မီး၊ ပြည့်စုံမှု တူညီရန်လိုသကဲ့သို့ သင်ကြားရေးနှင့်စီမံခန့်ခွဲရေး ပြည့်စုံကောင်းမွန်မှုများလည်း တူညီရန်လိုအပ်ပါကြောင်း၊ အနာဂတ်တွင် ခေါင်းဆောင်များဖြစ်ကြမည့် ကျောင်းသား ကျောင်းသူများကို ကျေးလက်မြို့ပြ၊ ဆင်းရဲချမ်းသာ စသည့်မည်သည့်ခွဲခြားမှုမျှ မရှိစေဘဲ ညီမျှသော သင်ယူမှုအခွင့်အလမ်း ရရှိအောင်ဆောင်ရွက်ပေးရန် အရေးကြီး ပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် အရည်အသွေးမြှင့် မွမ်းမံသင်တန်းတွင် စီမံ၊ ဘဏ္ဍာနှင့် ပညာကဏ္ဍ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို လေ့လာ ဆွေးနွေးကာ မိမိတို့၏ စီမံအုပ်ချုပ်မှု အရည်အသွေးကို မြှင့်တင်လျက် ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းသူ၊ သင်တန်းသား ကျောင်းအုပ်ကြီးများက လုပ်ငန်း လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ (သတင်းစဉ်)