နေပြည်တော် မတ် ၁၇
မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ကုန်ကြမ်းယူ၊ ကုန်ချောပေးလက်ခစားလုပ်ငန်း (Cutting , Making , Packaging) CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ ကော်မတီ အတွင်းရေးမှူး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကော်မတီဝင် များနှင့် ကိုယ်စားလှယ်များက ရန်ကုန်မြို့မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
အစည်းအဝေးတွင် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ပါဝင်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်း များဖြင့် အမြန်ဆုံးကုစားသွားရေးနှင့် ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သည့် စီးပွားရေးဦးတည်ချက် (၃)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီ များ၊ တိုင်းရင်းသားကုမ္ပဏီများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်နေသည့် (Cutting, Making , Packaging) CMP ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်စေရေး စစ်ဆေးဆောင်ရွက်နိုင်ရန် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၁) ရက်တွင် အဖွဲ့ဝင် (၁၅) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း။
CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို အထောက်အကူပြု နိုင်ရန်အတွက် CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ၊ CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေး ဆပ်ကော်မတီ၊ CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ (၃)ခုနှင့် CMP လုပ်ငန်း အကြံပေးကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် CMP လက်ခစားလုပ်ငန်းများ နှင့်ပတ်သက်၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေး အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် လိုအပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း။
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီများက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြား၍ လိုအပ်သလို ကွင်းဆင်းစစ်ဆေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေအရ မိမိတို့ကော်မတီ၏ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဆက်လက်ဖွဲ့စည်းရန် သင့်/ မသင့် ယခုအစည်းအဝေးတွင် ဆွေးနွေးပေး စေလိုပါကြောင်း၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသည် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များက CMP စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်လိုကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)သို့ လျှောက်ထားလာပါက သဘောထား မှတ်ချက်စိစစ် ပြန်ကြားဆောင်ရွက်ပေးခြင်းနှင့် CMP လုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ၊ အခွန်ပေးဆောင်ခြင်း ရှိ/ မရှိ၊ အလုပ်သမားများကို လုပ်ခခံစားခွင့်များ အပြည့်အဝထုတ်ပေးခြင်း ရှိ/ မရှိ၊ စာရင်းဇယားများ စနစ်တကျထားရှိခြင်း ရှိ/ မရှိစသည်တို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ရပါကြောင်း။
မြန်မာနိုင်ငံတွင် CMP လက်ခစားလုပ်ငန်းကို အထည်ချုပ်လုပ်ငန်းများက စတင်ခဲ့ပြီး ဖိနပ်ချုပ်လုပ်ငန်း၊ ဦးထုပ်ချုပ်လုပ်ငန်း၊ ရာဘာပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ထရန်စဖော်မာ အပိုပစ္စည်းလုပ်ငန်း၊ မှန်ဘီလူးလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာလုပ်ငန်း၊ အသက်ကယ် လှေနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်း၊ ပီနံအိတ်လုပ်ငန်း၊ ဖဲပြားလုပ်ငန်း၊ ပလပ်စတစ်လုပ်ငန်း၊ သတို့သမီးဝတ်စုံ လုပ်ငန်း၊ ဆံပင်တုလုပ်ငန်းနှင့် ကျောက်စိမ်းပန်းကပ်လုပ်ငန်း စသည့်လုပ်ငန်း အများအပြား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသို့ ပြောင်းလဲလုပ်ကိုင်မှု များပြားလာပြီး လုပ်ငန်များ အဆင်ပြေလွယ်ကူစေရေးအတွက် ဖြေလျှော့ ဆောင်ရွက်ပေးခဲ့သဖြင့် CMP လုပ်ငန်းများ ပိုမိုတိုးတက်လာသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးဖွံဖြိုးမှုအတွက် CMP လက်ခစား စက်မှုလုပ်ငန်း များသည် အဓိကအားထားရသည့် လုပ်ငန်းများဖြစ်ပါကြောင်း။
CMP စက်မှုလုပ်ငန်းများ၏လက်ရှိ အခြေအနေ၊ CDM ပြုလုပ်သူများ၏ ခြိမ်းခြောက်မှု၊ မီးဘေးအပါအဝင် လုံခြုံရေးထိခိုက်မှုများ၊ ဘဏ်များတွင် ငွေသွင်းငွေထုတ်မှု အခက်အခဲများ၊ လုပ်ငန်းဆိုင်ရာအားနည်းချက်များ၊ အားသာချက်များကိုလေ့လာ၍ လုပ်ငန်းများတိုးတက်နိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ပါက အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ပြီး ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်ပေးနိုင်မည့်အပြင် နိုင်ငံတော်အတွက် အရင်းအနှီးနည်းပါးစွာဖြင့် နိုင်ငံခြားငွေအမြောက် အများ ရှာဖွေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက နိုင်ငံတော်အနေဖြင့် အလုပ် အကိုင် အခွင့်အလမ်းကောင်းများစွာ ဖန်တီပေးနိုင်ခြင်း၊ နည်းပညာများရရှိခြင်း၊ နိုင်ငံတကာ ဈေးကွက်ဝေစုရရှိခြင်း၊ အခြေခံအဆောက်အအုံနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးသည့် CMP လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာကြသူများအနေဖြင့် အလေးထား ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဆပ်ကော်မတီ (၃) ရပ်နှင့် CMP လုပ်ငန်း အကြံပေးကော်မတီဖွဲ့စည်းနိုင်ရေးနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးကိုကိုလွင်က CMP စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုနှင့် CMP ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရေးနှင့် ပြည်ပဈေးကွက် ဝေစုရရှိရေး ဆောင်ရွက်မှု အခြေအနေတို့ကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ် များက CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ အတည်ပြု ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး၊ လက်ရှိတွေ့ကြုံနေရသည့် လုပ်ငန်းအခက်အခဲများနှင့် လုပ်ငန်းလိုအပ်ချက် များကိုလည်းကောင်း ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ သည့် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုမည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025