Skip to main content

မြန်မြန်သိ ချက်ချင်းဖြေရှင်းစနစ်ဖြင့် နွေရာသီ ကျေးလက်ဒေသ ရေရှားပါးမှု ပြဿနာကို အချိန်မီ ဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်

နေပြည်တော် မတ် ၁၇ နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့နံနက် ၁၀ နာရီ က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နေပြည်တော်၊ တိုင်း ဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ် ဦးစီးမှူးများ က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ၏ လက်ရှိ သောက်သုံးရေရရှိနိုင်မှု အခြေအနေမှာ ၇၇ ရာခိုင်နှုန်း ကျော် ရှိပြီဖြစ်ကြောင်း ၊ သို့ရာတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ဆည်ရေ၊ ကန်များ ဝင်ရေလျော့နည်းခြင်း၊ အပူချိန်တိုးမြင့်လာသဖြင့် ရေများလျော့နည်းခမ်းခြောက်လာခြင်းများ ဖြစ်ပေါ်နေမှုကြောင့် နွေရာသီ ရေရှားပါးမှုပြဿနာများကို ဆက်လက်ကြုံတွေ့နိုင်ကြောင်း ခန့်မှန်း သုံးသပ်ချက်များအရ လိုအပ်သည့် လတ်တလောဖြေရှင်းရမည့်ကိစ္စရပ်များ၊ ကာလတိုနှင့်ကာလရှည် စီမံမှုများ ဆောင်ရွက်သွားရန် လိုအပ်သည့် အစီအစဉ်များနှင့် ရေဖြန့်ဝေမှုစံနှုန်းများတွင် အခြေအနေ ပေးသည့် ဒေသတိုင်း၌ ဒီဇယ်ရေတင်စနစ်မှ Solar စနစ်သို့ ကူးပြောင်းဆောင်ရွက်ရေးအစီအစဉ် များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က နွေရာသီ ရေရှားပါး ပြတ်လပ်နိုင်မှုအခြေအနေများ၊ ရေရှားပါးပြတ်လပ်ပါက ကာလတို၊ ကာလလတ် နည်းလမ်းများဖြင့် ရေရရှိအောင် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် များ၊ ယခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် နွေရာသီရေးရှားပါး ပြတ်လပ်နိုင်မှု အခြေအနေများ နှင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကိုလည်းကောင်း၊ ယခုဘဏ္ဍာရေး နှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ယခင်က ပူပြင်းခြောက်သွေ့သော ဒေသများသာကြုံတွေ့ကြရသည့် ရေရှားပါမှုပြသနာသည် ရာသီဥတု ပြောင်းလဲလာမှုကြောင့် ယခုအခါ တောင်ပေါ် မြေပြန့်စသည့် နိုင်ငံအဝန်း ကြုံတွေ့နေကြရ ကြောင်း၊ အဆိုပါပြဿနာအား အောင်မြင်စွာ ဖြေရှင်းကျော်လွှားနိုင်ရန် ဦးစီးဌာန တစ်ခု တည်းသာမက အခြားသက်ဆိုင်သည့် ဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ရေရှိရေး အချက် အလက် စီမံခန့်ခွဲမှုစနစ် (Rural Water Supply –Management Information System RWS-MIS) ကို ဒီဂျစ်တယ်နည်းပညာ အသုံးပြုပြီး ကျေးရွာများ၏ လက်ရှိ ရေသုံးစွဲမှုနှင့် လုပ်ငန်း လည်ပတ်မှု အခြေအနေများကို ကောက်ယူဆောင်ရွက်လျက်ရှိရာ ယမန်နှစ် နွေရာသီကာလ တွင် ကျေးရွာပေါင်း (၃၉၄) ရွာ၌ ရေရှားပါးမှုအခက်အခဲကြုံတွေ့နိုင်ကြောင်း မျှော်မှန်းစီစဉ်ခဲ့ ပြီး လက်တွေ့တွင် ကျေးရွာပေါင်း (၃၄၇) ရွာ၌ ရေဖြန့်ဝေခြင်း လုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် နွေရာသီရေရှားပါးကျေးရွာပေါင်း (၃၀၀)ခန့် ရှိနိုင် ကြောင်း ခန့်မှန်းထားရှိပြီး မြန်မြန်သိ ချက်ချင်းဖြေရှင်းစနစ်ဖြင့် နွေရာသီ ရေရှားပါးမှု ပြဿနာကို အချိန်မီ ဖြေရှင်းပေးနိုင်ရန် ကြိုတင် သတင်းအချက်အလက် ရယူခြင်း၊ မိုဘိုင်းဖုန်းဖြင့် ကျေးရွာများနှင့် ချိတ်ဆက် ဆက်သွယ်ခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း၊ ယခုဘဏ္ဍာနှစ် အတွင်း ကျေးလက် ရေရှိရေး လုပ်ငန်းပေါင်း (၁,၉၈၁) ခုကို ဆောင်ရွက်သွားမည်ဖြစ်၍ ကျေးရွာ(၁,၉၃၂)ရွာ ရှိ လူဦးရေ (၁ ဒသမ ၄)သန်းခန့်ကို အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)