Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၁၆ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန်များကို အခြေအနေအရ လွှဲပြောင်းရယူခဲ့ရပြီးနောက်ပိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ နိုင်ငံတော် ကို သစ္စာရှိစွာဖြင့် အုပ်ချုပ်ရေးယန္တရား ယိမ်းယိုင်မှု မရှိအောင် ကိုယ်စီကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့်အပေါ် အထူးပင်ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်၏ ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းစဉ် (၅)ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်သည့်အတွက် အုပ်ချုပ်ရေးယန္တရား၏ အဓိက ကျသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏မူဝါဒများ အောင်မြင်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ခေတ်အဆက်ဆက် မည်သည့်အစိုးရ၊ မည်သို့သော အုပ်ချုပ်ရေး စနစ်မျိုး ဖြစ်ဖြစ် တာဝန်ကျေပွန်သည့် ဝန်ထမ်းများအဖြစ် ကျရာအခန်းကဏ္ဍမှာ တာဝန်သိသိ သစ္စာရှိစွာဖြင့် အုပ်ချုပ်ရေးယန္တရား ပိုမိုအားကောင်းခိုင်မာအောင် ဆောင်ရွက်ပေးခဲ့သည့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်း ကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဝန်ထမ်းကျင့်ဝတ်များနှင့် အညီလုပ်ငန်း တာဝန်များ ကိုထမ်းဆောင်နေကြ သည့် ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏လုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများကို စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်း များနှင့်တွေ့ဆုံမှာကြားပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ယနေ့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ရာတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၃၃ ဦးနှင့် လယ်ဝေး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၉၄ ဦး စုစုပေါင်းဝန်ထမ်း ၁၂၇ ဦးတို့အတွက် ဆန်၊ စားသုံးဆီ၊ ကြက်ဥနှင့် ကြက်သွန်များ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)