Skip to main content

လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) မီးလောင်မှုဖြစ်ပွား

နေပြည်တော် မတ် ၁၆ လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) တွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ဆောင်ရွက်ခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁)၌ ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ တွင် စက်ရုံများမီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စက်မှုဇုန်(၁) သီးသန့် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် မီးလောင်ပြင်သို့ရောက်ရှိခဲ့ပြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) ဦးထွန်းညိုလမ်း အကွက်အမှတ် ၈၁ ရှိ Winco Bag Intustrial Co.,Ltd ကျောပိုးအိတ်စက်ရုံ၏ ပေ ၁၂ဝx၈ဝ သွပ်မိုး၊ အုပ်ကာ၊ Steel Structer (၂)ထပ် အဆောက်အဦတွင် ရှို့မီးဟုယူဆရသည့် မီးလောင် မှုဖြစ်ပွားနေသည့်အတွက် စက်ရုံအဆောက်အဦဘေးရှိ လူနေအဆောင်များနှင့် အခြားစက်ရုံ များသို့ မီးကူးစက်မှုမရှိစေရန် မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ရကြောင်း။ အဆိုပါမီးလောင်ပြင်သို့ မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်ယာဉ် (၂) စီးထပ်မံရောက်ရှိပြီး စုစုပေါင်း မီးသတ်ယာဉ် (၇) စီး ၊ သန္ဓေ(၃ဝ)၊ အရန်(၁ဝ)ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၂၃ မိနစ်တွင် မီးထိန်း နိုင်ခဲ့ပြီး ညနေ ၅ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)