Skip to main content

အကြိမ်(၆၀)မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပသော အကြိမ်(၆၀)မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် ဓမ္မာစရိယ စာမေးပွဲ၊ ပါဌိ ပထမပြန်စာမေးပွဲများတွင် အောင်မြင် တော်မူကြသည့် သာသနာ့ အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီး ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်ဇနီး ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။ ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ က သာရဏီယ သြဝါဒ ကထာကို မြွတ်ကြားချီးမြှင့် တော်မူ သည်။ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၏ သာရဏီယသြဝါဒကထာကို စာမျက်နှာ-၅တွင် သီးခြားဖော်ပြ ထားပါသည်။ ) ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားရာတွင် ဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာ များကို လျှောက်ထားရာတွင် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး၌ လေ့လာ သင်ကြားရေး ပရိယတ္တိသာသနာ၊ လိုက်နာကျင့်သုံးရေး ပဋိပတ္တိသာသနာ၊ ထိုးထွင်းသိမြင်ရေး ပဋိဝေဓသာသနာဟူ၍ သာသနာတော်သုံးရပ်ရှိသည်တွင် ပရိယတ္တိသာသနာတော်သည် အခြေခံ အရင်းအမြစ်ကျလှပါကြောင်း၊ သို့ပါ သောကြောင့် ပရိယတ္တိသာသနာတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားစေရန် အတွက် ပရိယတ္တိစာမေးပွဲများ ကျင်းပလာခဲ့သည်မှာ သာလွန်မင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ် မှစ၍ သီပေါမင်းတိုင်အောင် ဆင်ယင်ကျင်းပ သာသနာပြုတော်မူလာခဲ့ကြသည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါကြောင်း။ ၁၃၄၂ ခုနှစ်၊ နယုန်လတွင် ကျင်းပခဲ့သော သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြု ပြဋ္ဌာန်းခဲ့သည့် သံဃာ့အဖွဲ့ အစည်း အခြေခံစည်းမျဉ်း၊ အခန်း(၂)၊ အပိုဒ်(၁၂)ပါ ရည်ရွယ်ချက် ၇ ချက်အနက် တတိယ ရည်ရွယ်ချက်အဖြစ် “ပရိယတ္တိသာသနာတော် တိုးတက်စည်ပင် ပြန့်ပွားစေရန်နှင့် ပိဋကတ် တော်နှင့် မညီသောရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီး ကာကွယ်ရန်ဖြစ်သည်”ဟူ၍ ဖော်ပြထားပါကြောင်း။ ယင်းဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီးကပင် ရဟန်းသာမဏေများအတွက် “အကျင့် သိက္ခာ ပညာဗဟုသုတ တိုးတက်မြင့်မားစေပြီး ပါဠိ-မြန်မာ နှစ်ဘာသာ တတ်မြောက်ကျွမ်းကျင် စေမည့် နည်းလမ်းများဖြင့် ပရိယတ္တိ စာပေကို သင်ယူနိုင်ရေးအတွက် ပရိယတ္တိ စာမေးပွဲများကို ပြုပြင်ကျင်းပသွားရန်” ဟု ဆုံးဖြတ်ခဲ့ပါကြောင်း။ အဆိုပါ ဆုံးဖြတ်ချက်အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က (၁) အကျင့်သိက္ခာမြင့်မားစေခြင်း၊ (၂) ပိဋကတ်ကျမ်းဂန်နှံ့စပ်စေခြင်း၊ (၃) ပါဠိဘာသာ တတ်မြောက်ကျွမ်းကျင်စေခြင်း၊ (၄) မြန်မာစာပေ အရေးအသားတော်စေခြင်း ဟူသော ပရိယတ္တိစာပေ သင်ကြားရေးမူကြီး ၄ ရပ်ကို အခြေခံ၍ ပရိယတ္တိပညာ ရေးစီမံကိန်းကို ချမှတ်ပြီး ထိုစီမံကိန်းအရ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲ၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ၊ နိကာယ်စာမေးပွဲများကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ကြီးကြပ်မှုအောက်တွင်ထားရှိပြီး ပရိယတ္တိ စာမေးပွဲများကို ကျင်းပနေခြင်း ဖြစ်ပါကြောင်း။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ဓမ္မာစရိယစာမေးပွဲ၌ ဖြေဆိုခဲ့သည့် ပုဂ္ဂိုလ် ၂၀၅၀၆ ပါး အနက် ကျမ်းရင်း သုံးကျမ်းအောင် “သာသနဓဇဓမ္မာစရိယ” ဘွဲ့ရ၉၅၅၉ ပါး၊ ကျမ်းရင်း နှစ်ကျမ်းအောင် ၃၆၈၁ ပါး၊ ကျမ်းရင်းတစ်ကျမ်းအောင် ၂၄၄၀ ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၄ ပါး၊ ပါဠိဂုဏ်ထူးအောင် ၃ ပါး ဖြစ်ပါသည် ဘုရား။ ပါဠိ ပထမပြန်စာမေးပွဲများတွင်လည်း ဆိုသည့်ပုဂ္ဂိုလ် ၂၆၉၈၀ ပါးအနက် အောင်မြင်သည့်ပုဂ္ဂိုလ် ၂၂၁၆ ပါး၊ အခြေပြုမူလတန်း ဖြေဆိုသည့်ပုဂ္ဂိုလ် ၁၂၃၄၈ ပါးအနက် အောင်မြင်သည့် ပုဂ္ဂိုလ် ၁၀၀၄၈ ပါးတို့ အသီးသီး အောင်မြင်ခဲ့ကြသည်ကို တွေ့ရှိရပါသဖြင့် ပရိယတ္တိ သာသနာတော်အတွက် အားတက်ဖွယ်ရာ ဖြစ်ပါကြောင်း။ ထိုကဲ့သို့ ဆရာတော်သံဃာတော်များဘက်မှ ပရိယတ္တိစာပေများကို သင်ကြားပို့ချ၍ ဖြေဆိုအောင်မြင် တော်မူခဲ့ကြသည်ကို ဘုရားတပည့်တော်တို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရနှင့် ဒါယကာ၊ ဒါယိကာမများဘက်ကလည်း သဒ္ဓါတရားထက်သန်စွာဖြင့် အထူးအောင် သံဃာတော်များအား အောင်လက်မှတ် များဆက်ကပ်၍ ယခုလို မဟာဘွဲ့နှင်း သဘင်အခမ်းအနားကြီးကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း။ ယနေ့ကျင်းပသော မဟာဘွဲ့နှင်းသဘင် အခမ်းအနားသည် ယခင်နှစ်များက ကျင်းပသလို မဟုတ်ဘဲ အထူးအောင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများကိုသာ ရွေးချယ်၍ ကျင်းပရခြင်းသည် coVID-19 ကပ်ရောဂါအခြေအနေပေါ် မူတည်၍ Social Distancing အရ ကျင်းပ ရခြင်းဖြစ်ပါသဖြင့် ဆရာတော်သံဃာတော်များအနေဖြင့် နားလည်ခွင့်လွှတ် ကြလိမ့်မည် ဟုလည်း ယုံကြည်မိပါ ကြောင်း လျှောက်ထားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်ဇနီး၊ တာဝန်ရှိများက ဓမ္မာစရိယ၊ ပါဠိပထမပြန် စာမေးပွဲများ တွင် ဂုဏ်ထူးများဖြင့် အောင်မြင်ကြသော အထူးအောင်သံဃာတော်များ၊ သီလရှင်များအား ဘွဲ့တံဆိပ် တော်နှင့် အောင်လက်မှတ်များကို ဆက်ကပ်ချီးမြှင့်ကြသည်။ ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ပရိသတ်တို့က အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။ ထို့နောက် ဓမ္မာစရိယ၊ ပါဠိပထမပြန် စာမေးပွဲများတွင် အောင်မြင်ကြသော စာအောင် သံဃာတော်များအား အစီအစဉ်တိုင်း ပင့်ဆောင်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြကာ ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။ (သတင်းစဉ်)