Skip to main content

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီမှ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပေးမည်

နေပြည်တော် မတ် ၁၅ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်မျက် ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဧပြီ ၁ ရက် မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ကျောက်မျက်ရတနာ ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိသူနှင့် လိုင်စင်ရရှိသူများ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ မှတ်ပုံတင် ထားသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဝင်နိုင်ငံသားများကို သတ်မှတ်ချက်များနှင့် အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။ ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသားရတနာကုန်သည်များကို မတ် ၂၄ ရက်မှစ၍ ရောင်းချပွဲတက်ရောက်ဝယ်ယူခွင့်အတွက် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ရတနာကုန်သည် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့်ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တက်ရောက် ဝယ်ယူခွင့်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက် ရတနာ ပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ် (နေပြည်တော်)တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ (သတင်းစဉ်)