Skip to main content

အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ ဗဟိုအဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၅ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ပထမ (၅)နှစ် မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၂ နှင့် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေး သူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ ဗဟိုအဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်း ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက် ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးသည် အလွန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကလေးသူငယ်၏ဦးနှောက်ဖွံ့ဖြိုးရေးသည် ကလေးဘဝအစ ရက်(၁၀၀၀) ကာလအတွင်းကစ၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မှသာ ကလေးသူငယ်ဖွံ့ဖြိုးရေး အတွက် စိတ်ချရမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မူဝါဒ၊ မဟာဗျူဟာများ ချမှတ်၍ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းသည် မိခင်ဝမ်းတွင်းမှ ကလေးအသက် (၈)နှစ်အထိအကျုံးဝင်သဖြင့် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းကိုကဏ္ဍစုံမှ ပူးပေါင်းအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ကျောင်းများ ဖွင့်လှစ်ခွင့်ရသည့် အချိန်တွင် မူကြိုကျောင်းများ၊ မိခင်ဝိုင်းများစနစ်တကျ ပြန်လည်ဖွင့်လှစ် နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများသည် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ကလေးများဖွံ့ဖြိုးစေရန်ရှေးဦး ရက်(၁၀၀၀)အတွင်း ပြုစုပျိုးထောင်မှုများသည် အရေးကြီးပါကြောင်း၊ မူလတန်းကြိုအရွယ် ကလေးများ မူလတန်း ကြိုကျောင်း တက်ရောက်မှုမြင့်မားရန်လိုအပ်ပါကြောင်း၊ ကျောင်းတက်နှုန်း မြင့်မားစေရန် တိုးချဲ့နိုင်သည့် နည်းလမ်းများ စဉ်းစားစေလိုပါကြောင်း၊ မူလတန်း ကြိုကျောင်းများ၏ အရေအတွက် တိုးချဲ့ရန်သာမက အရည်အသွေးရှိသည့် မူလတန်းပညာရေးဖြစ်စေရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ က ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ (မူကြမ်း)၊ အမျိုးသားအဆင့်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းထားရှိမှု၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပထမ(၅)နှစ် မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၂ နှင့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့် အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးရှိ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုများကို ကြည့်ရှုပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး မိတ်ဆက်စကားပြောကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များ မေးမြန်းဆွေးနွေးသည်။ ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးမှူးရုံးရှိ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံ၌ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုကာလိုအပ်ချက်များကို မှာကြားပြီး RC နှစ်ထပ်ရုံး အဆောက်အဦ အသစ် ဆောက်လုပ်နေမှုများ ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရီ မြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော နန်းထိုက်ရတနာ မူလတန်းကြို ကျောင်းသို့ရောက်ရှိကြပြီး မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံကျောင်းအုပ်နှင့် တာဝန်ရှိ သူများက ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသ၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)