နေပြည်တော် မတ် ၁၅
မတူညီသည့် ဒေသန္တရဖွဲ့စည်းမှု အခြေအနေအရ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ မြို့ပြနှင့် ကျေးလက်များအကြား ဆင်းရဲချမ်းသာ ကွာဟမှုလျော့ပါးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် စိုက်ပျိုးရေးအခြေခံ စက်မှုဇုံများ ထူထောင် ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုး မွေးမြူရေးအထူးပြု စက်မှုဇုံများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထူထောင် ဆောင်ရွက်နိုင်ရေး နှင့် ရှေ့ပြေးစံနမူနာစီမံကိန်း ဒေသအဆိုပြုရွေးချယ်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လယ်ယာ ထွက်ကုန်များကို အကျိုးအမြတ် ပိုမိုရရှိစေမည့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သာမက ဒေသနေပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို အဓိကထား မျှော်မှန်းဆောင်ရွက်ရန်၊ ရှေ့ပြေးစံနမူနာ စီမံကိန်းဒေသ အဆိုပြုရွေးချယ်ရာတွင် ထည့်သွင်း ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးက စီမံကိန်း ဆိုင်ရာ မဟာဗျူဟာ နှင့်အခြေခံမူဘောင်များနှင့် အခြားနိုင်ငံများမှ အတွေ့အကြုံ များကို ရှင်းလင်းဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကိုဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက စိုက်ပျိုး မွေးမြူရေးအထူးပြု စက်မှုဇုံ ရှေ့ပြေးစံနမူနာ စီမံကိန်း ဒေသ အဆိုပြုရွေးချယ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်း လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025