နေပြည်တော် မတ် ၁၄
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း၌ တည်ရှိသော ဒေသသုတေသနဗဟိုဌာန(ဇလုပ်)သည် သီးနှံမျိုးသစ်များနှင့် နည်းပညာများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် သီးနှံသု တေသနများ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ်မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် သင့်တော်၍ အထွက်နှုန်းကောင်းမွန်သောမျိုးများ ရရှိရေးအတွက် ကုလားပဲ၊ ပဲတီစိမ်း၊ ဂျုံ၊ ပဲစင်းငုံ၊ နှံစားပြောင်း၊ ဆတ်သီးနှံ၊ စပါးနှင့်ပဲတီစိမ်း သုတေသန လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်၍ အလားအလာကောင်းမျိုးများ ရွေးချယ်ခြင်းသုတေသနများကို ဆောင်ရွက်ခဲ့ သည်။ ၂၀၂၀-၂၀၂၁ ခုနှစ်မိုးနှောင်း ရာသီတွင် ရေငတ်ဒဏ်နှင့်အပူဒဏ်ခံနိုင်သည့်မျိုးများ ရရှိလာစေရေး ရည်ရွယ်ချက်ဖြင့် ဂျုံ၊ ကုလားပဲ သီးနှံသုတေသနများအား အထွက်နှုန်း ကောင်းမွန်၍ ရေ၊ မြေ၊ ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးများရရှိရေး သုတေသနများကို လည်း ဆောင်ရွက်လျက်သည်။ ဆက်လက်၍ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးကြိုရာသီတွင် အဝါရောင် မိုးစိပ်ဒဏ်ခံနိုင်၍ အထွက်နှုန်းကောင်းမွန်သော ပဲတီစိမ်းမျိုးများ ရရှိစေရန်နှင့် အပူဒဏ်ခံ စပါး မျိုးများ၏ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့် သင့်တော်မှုကို စမ်းသပ်ရွေးချယ်ရန် စသည့် သုတေသန လုပ်ငန်းစီမံချက်များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၏ မျိုးစေ့လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဒေသသုတေသနဗဟိုဌာန (ဇလုပ်)မှ စပါးသီးနှံမျိုးများအနေဖြင့် ဆင်းသုခ နှင့် မနောသုခ စပါးမျိုးများကိုလည်းကောင်း၊ ဆီထွက်သီးနှံအနေဖြင့် စပ်မျိုးနေကြာ (၁) မျိုး ကိုလည်းကောင်း၊ ပဲမျိုးစုံသီးနှံမျိုးများအနေဖြင့် ပဲတီစိမ်းမျိုးများဖြစ်သည့် ရေဆင်း(၁၁) နှင့် (၁၄) မျိုးများ၊ ပဲစင်းငိုမျိုးများဖြစ်သည့် မုံရွာရွှေဒင်္ဂါးမျိုး၊ ပဲစင်းငုံရေဆင်း(၈)၊ ရေဆင်း(၁၀) မျိုးများ၊ ကုလားပဲမျိုးများဖြစ်သည့် ရေဆင်း(၆)၊ ရေဆင်း(၈)၊ ရေဆင်း (၉)၊ ရေဆင်း၊ (၁၁)၊ ရေဆင်း (၁၂)မျိုးများကို လည်းကောင်း၊ ဂျုံသီးနှံမျိုးများအနေဖြင့် မုံရွာဂျုံဖြူ၊ ဇလုပ်ဖြူ (၂)၊ ရေဆင်း(၁၁)နှင့် ရေဆင်း(၁၂)ဂျုံမျိုးများကိုလည်းကောင်း ပွားများဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးသူတောင်သူများထံသို့ အဆိုပါမျိုးများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မျိုးအခက်အခဲ ရှိသော တောင်သူများသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဒေသသုတေသနဗဟိုဌာန (ဇလုပ်) နှင့် ဆက်သွယ် ရယူနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)
ဓာတ်ပုံ(စိုက်ပျိုးရေး)