Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ရဲစခန်းများအား လေးခွ၊ ဓာတ်ဆီပုလင်းတို့ဖြင့် အကြမ်းဖက်ရန်ပြု ပစ်ခတ်မှုဖြစ်ပွား

နေပြည်တော် မတ် ၁၄ နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုမလိုလားသည့် လူစုလူဝေးများအနေဖြင့် မသမာသူတို့၏ နောက်ကွယ်မှ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများ ရောက်ရှိအောင်၊ ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင် ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှု များနှင့် ရဲတပ်ဖွဲ့စခန်းများသို့ စီးနင်းဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်းများကို တစ်နေ့တခြား ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေသည်ကို တွေ့ရှိရသည်။ ထိုသို့ ဆောင်ရွက်မှုများအဖြစ် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်နေသူ ဦးဇော်လွင် မိသားစု၏အိမ်အား အကြမ်းဖက်လူအုပ်စုက သတင်းပေးဟုခေါင်းစဉ်တပ် အကြောင်းပြ၍ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်ကာ ၅၉ လမ်းနှင့် ၁၁၂ လမ်းထောင့်ရှိ သံဓိသုခဓမ္မာရုံအတွင်း ချုပ်နှောင်ထားရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ကယ်ထုတ်ခဲ့ပြီး လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။ ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်ကို ကျေနပ်မှုမရှိသော အကြမ်းဖက်လူအုပ်စုက မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် (မြောက်)ရပ်ကွက် ၇၈ လမ်းနှင့် ၄၂ လမ်းထောင့်ရှိ ရဲစခန်းအား ၇၈ လမ်းမှ မောင်းနှင်လာသည့် ဆိုင်ကယ် ငါးစီး၊ လူ ၁၀ ဦးခန့်(စိစစ်ဆဲ) တို့က ရဲစခန်းမြောက်ဘက်ပေါက်အား လေးခွများဖြင့် လာရောက်ပစ်ခတ် ခဲ့သဖြင့် ရဲစခန်းရှိတပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါ လေးခွဖြင့် အကြမ်းဖက်ပစ်ခတ်သူများမှာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့ပြင် အောင်မြေသာစံ မြို့နယ် သီရိမာလာအရှေ့ရပ်ကွက် အကွက် ၂၀၀ ၂၆ လမ်း၊ ၈၉ x ၉၀ လမ်းကြားရှိ ရဲစခန်းအား ၂၆ လမ်းပေါ်မှ ဆိုင်ကယ် ခြောက်စီးနှင့် လူ ၁၂ ဦးခန့် (စိစစ်ဆဲ) မောင်းနှင်ရောက်ရှိလာပြီး လမ်းလယ် မျဉ်းနေရာမှ ရဲစခန်းဝင်းအတွင်းသို့ မီးရှို့ထားသော ဓာတ်ဆီပုလင်း နှစ်လုံး၊ ရဲစခန်း ရှေ့ မျက်နှာစာသို့ ဓာတ်ဆီပုလင်း တစ်လုံးတို့ဖြင့် အကြမ်းဖက်ရန်ပြု ပစ်ပေါက်ခဲ့ရာ ရဲစခန်း ဝင်းရှိ စစ်ရေးပြကွင်း၊ နေအိမ်လိုင်းခန်းရှေ့နှင့် ရဲစခန်းဝင်ပေါက်အနီးတို့တွင် ကျရောက်ခဲ့သဖြင့် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်းဖက်သူများမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အလားတူ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅ x ၃၆ လမ်းရှိ ရဲစခန်းအား ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ဦး(စိစစ်ဆဲ) က ဓာတ်ဆီပုလင်း တစ်လုံးအား မီးရှို့၍ အကြမ်းဖက် ရန်ပြုပစ်ပေါက်ခဲ့ရာ ရဲစခန်းခြံစည်းရိုးအား ထိမှန် ကျရောက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်းဖက်သူများမှာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်းနှင့် ၆၂ လမ်းထောင့်ရှိရဲစခန်းအား ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ဦး(စိစစ်ဆဲ)က ဓာတ်ဆီ ပုလင်း တစ်လုံးအား မီးရှို့ကာ အကြမ်းဖက်ရန်ပြု ပစ်ပေါက်ခဲ့ရာ ရဲစခန်းအတွင်းရှိ အိမ်ထောင်သည် လိုင်းခန်းအနီး ကျရောက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါ အကြမ်းဖက်သူများမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အလားတူ မဟာအောင်မြေမြို့နယ် ၈၁ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား ရပ်ကွက်အတွင်း လမ်းများ ပိတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား သတင်းပေးဟု စွပ်စွဲကာ အကြမ်းဖက်သူ လူအုပ်စုက ဝင်/ထွက်လမ်းများတွင် တာယာကွင်းများပုံ၍ မီးရှို့ခြင်း၊ အသံပေးလက်လုပ်ဗုံးများ ပစ်ခတ်ခြင်း၊ ညာသံပေးအော်ဟစ်ခြင်း စသည်ဖြင့် မင်းမဲ့စရိုက် ဆန်ဆန် လုပ်ဆောင်လာသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အချိန်မီသွားရောက်၍ ဒေသတွင်း အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် လူစုခွဲဆောင်ရွက်ခဲ့ရသည်။ ဖြစ်စဉ်များတွင် ဆူပူအကြမ်းဖက်သူများ၏ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်မှုနှင့်လေးခွဖြင့် ပစ်ခတ်မှုတို့ကြောင့်တပ်ဖွဲ့ဝင်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီး၊ ဒဏ်ရာရရှိမှုမရှိကြောင်း၊ လူစုခွဲခြင်းဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆူပူအကြမ်းဖက်သူ အမျိုးသား ၁၅ ဦးအား ဥပဒေအရ အရေးယူနိုင်ရေး ထိန်းသိမ်းထား ရှိကြောင်းနှင့် အကြမ်းဖက် လုပ်ရပ်ကျူးလွန်သူများအား ဥပဒေနှင့်အညီ စိစစ်ဖော်ထုတ်အမှုဖွင့်လှစ် အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်