Skip to main content

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် မတ် ၁၄

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

နေရာအသီးသီး

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၁၃ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ သီပေါမြို့နယ်နှင့်  သိန်းနီမြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ အေးသာယာမြို့၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ရွှေမြို့၊ ဆိုက်ခေါင်မြို့၊ ကွန်ဟိန်းမြို့၊ မိုးနဲမြို့၊ မောက်မယ်မြို့၊ လွိုင်လင်မြို့၊ ပင်လုံမြို့နှင့် ကယားပြည်နယ် ဘောလခဲမြို့၊ မိုးဗြဲမြို့များ အတွင်းရှိ ထေရ်ကြီးဝါကြီး  ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ ရှမ်းပြည်နယ်  (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းခုတ်မြို့များရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ ဧရာတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မှီခိုသူမိသားစုဝင် များအား အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နှင့် မိုးညိုများအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက CDM တွင် ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်နေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်း များနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညို ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်