Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်မြို့ နယ်မြေခံတပ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့ရှိ သင်တန်းသားအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော် မတ် ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ နယ်မြေခံတပ်နှင့် တပ်မတော် နည်းပညာတက္ကသိုလ်တို့ရှိ သင်တန်းသားအရာရှိ များ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် မိသားစုများအား သီးခြားစီတွေ့ဆုံ၍ အားပေးအမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်မြို့ နယ်မြေခံတပ်နှင့် တပ်မတော် နည်းပညာတက္ကသိုလ်တို့ရှိ သင်တန်းသားအရာရှိများ၊ သန္ဓေအရာရှိစစ်သည်များနှင့် မိသားစုများ တက်ရောက်ကြသည်။

ရှင်းလင်းဆွေးနွေး

တွေ့ဆုံပွဲများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တပ်မတော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇၊ ၄၁၈ အရ လွှဲပြောင်းပေးခဲ့ မှုဖြစ်စဉ် အသေးစိတ် အခြေအနေများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အား တပ်မတော် အရာရှိကြီးများနှင့် အရပ်သားများဖြင့် ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ဖြင့် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံတကာ သတင်းမီဒီယာများ၊ ပြည်တွင်း လူမှုကွန်ရက်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများတွင် အစိုးရ ဆန့်ကျင်သူများ၏ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် ဖြစ်စဉ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင် များ ဥပဒေနှင့်အညီ အဓိကရုဏ်းနှိမ်နင်း လူစုခွဲမှုအပေါ် အင်အားသုံး ဖြိုခွဲခြင်းအဖြစ် တစ်ဖက်သတ် ဖော်ပြစွပ်စွဲနေမှု အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မင်းမဲ့ စရိုက်ဆန်သော အကြမ်းဖက်လုပ်ရပ်များအား ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၁၉၅၆ ခုနှစ်၊ ရုန်းရင်းဆန်ခတ်မှု လက်စွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၂၀၁၅)ခုနှစ် ထုတ်ပြန်သည့် လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်းလက်စွဲပါ စည်းမျဉ်း စည်းကမ်း ဥပဒေအတိုင်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၅ ရက်မှ ၂၂ ရက်အထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်မှုနှင့် ဖေဖော်ဝါရီ ၂၃ ရက်နောက်ပိုင်း လူတစ်ဦးချင်းစီ၏ အခွင့်အရေးဆုံးရှုံးသည်အထိ လူ့အသက်နှင့် အရှက်သိက္ခာကျဆင်းစေပြီး မိသားစုဘဝများပါ လူ့အသိုင်းအဝိုင်းအတွင်း မသွားရဲ၊ မလာရဲ ဖြစ်စေသည့် မျက်ခုံးမွေးရိတ်ခြင်း၊ လေးကွက်ကြား ကတုံးရိတ်ခြင်း၊ လည်ပင်းစာတန်းဆွဲ၍  ရပ်ကွက်အတွင်း လှည့်လည်စေခြင်းအပြင် လူအုပ်စုဖြင့် အဓမ္မဖမ်းချုပ်၍ နဖူး၊ ပါးများတွင် တတ်တူးရေးထိုးခြင်း၊ ရပ်ကွက်အတွင်း အဓမ္မခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ CDM မပါဝင်သူ များ၊ စိတ်ဆန္ဒမရှိသူများကို အစိုးရသတင်းပေးအဖြစ် သတ်မှတ်၍ နည်းမျိုးစုံ အသက်အန္တရာယ် ရှိသည်အထိ ရန်ပြုနှောင့်ယှက်ခြင်းများအပြင် ရပ်ကွက်အတွင်း အများသုံးလမ်းများအတွင်း မြန်မာ့ဓလေ့ထုံးတမ်း စဉ်လာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် အမျိုးသမီးဝတ်ထဘီများ အား ကြိုးတန်းချိတ်ဆွဲလျက် အဆိုပါထဘီတွင် ဗုဒ္ဓဘာသာထေရ်ကြီးဝါကြီး ရဟန်းတော်ကြီး များ၏ ဓာတ်ပုံများကို ယုတ်မာရိုင်းစိုင်းစွာ အောက်တန်းကျသည့် လုပ်ဆောင်မှုအဖြစ် ချိတ်ဆွဲ ထားသည့် အခြေအနေများကို ကာလအပိုင်းအခြားဖြင့် နှိုင်းယှဉ်ဆွေးနွေးပြီး ဖေဖော်ဝါရီ ၂၃ ရက် နောက်ပိုင်း မင်းမဲ့စရိုက်ဆန်သော အကြမ်းဖက်မှုများအား အဓိကရုဏ်းနှိမ်နှင်းလူစုခွဲသည့် အဆင့်များအတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး သည်။

အသိအမှတ်ပြု

ယင်းနောက် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့်လည်း နိုင်ငံတော်၏ တာဝန်များ ကို တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပုဒ်မ ၄၁၇၊ ၄၁၈ အရ ခွင့်ပြုထားသည့် အချိန်ကာလ သတ်မှတ်ချက်အတွင်း ဆောင်ရွက်နေချိန်တွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တာဝန်ရှိမှုအခြေအနေများ၊ တပ်ဌာနချုပ်များ၏ လုံခြုံရေးနှင့် တပ်တွင်း စည်းလုံးညီညွတ်မှုကို ရေပတ်မဝင် စည်းစည်းလုံးလုံး ဖြစ်နေစေရန် ဆောင်ရွက်ကြ ရမည့် အခြေအနေများ၊ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေး၊ NCA လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များအား NCA ၌ လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် တပ်မိသားစုဝင်များအားလုံး မိမိတစ်ဦးချင်း၊ မိမိ မိသားစု၊ မိမိဆွေမျိုး အသိုင်းအဝိုင်းကြောင့် မိမိနေထိုင်ရာအဖွဲ့အစည်း၊ တပ်မတော်၊ နိုင်ငံတော်အား ထိခိုက်ပျက်စီး စေမည့် အပြုအမူများအား တမင်သိလျက်နှင့် ဖြစ်စေ၊ မသိလျက်နှင့်ဖြစ်စေ၊ ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ မလုပ်ဆောင်မိစေရေး ထိန်းသိမ်းဆောင်ရွက်ကြရန် အခြေအနေ များ၊ တပ်မတော်နှင့် ညီနောင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သပ်လျှိုသွေးခွဲနေမှုအပေါ် သတိပြုလျက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမည့် အခြေအနေများ၊ နိုင်ငံတော်နှင့် တပ်မတော်အကြီးအကဲက တပ်မိသားစုဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် ထောက်ပံ့ပေးမှုအခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးတာဝန်များကို နေ့မအား ညမနား တာဝန်ထမ်းဆောင်နေကြမှုအပေါ် စာနာနားလည်မှုဖြင့် အသိအမှတ်ပြုသည့် အခြေ အနေများကို ရှင်းလင်းဆွေးနွေးသည်။

လက်ဆောင်ပစ္စည်းများပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များက ပြင်ဦးလွင်မြို့ နယ်မြေခံတပ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့ရှိ သင်တန်းသား အရာရှိများ၊ သန္ဓေအရရာရှိ စစ်သည်များ နှင့် မိသားစုများအတွက် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများသို့ တက်ရောက်လာသော သင်တန်းသား အရာရှိများ၊ သန္ဓေအရာရှိ စစ်သည်များနှင့် မိသားစုများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်လျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား တစ်ဦးချင်းလိုက်လံတွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်