Skip to main content

ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုဖြင့်ကူညီ

 

လူ့ဘဝတွင် အရေးအကြီးဆုံးမှာ ကျန်းမာခြင်းပင် ဖြစ်သည်။ ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး ဖြစ်သည်။ ကျန်းမာမှသာ မိမိအရေး၊ မိသားစုအရေးမှစကာ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးကဏ္ဍတွင် အဓိကအရေးပါသည့် ဆရာဝန်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှစ်စဉ်သင်ကြားမွေးထုတ် ပေးလျက်ရှိသည်။

ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ ပြည်သူ့ဆေးရုံများသည် အရေးပါသည့် လုပ်ငန်းများဖြစ်သည်။ ပြည်သူ့ဆေးရုံများသည် ပြည်သူများအား အခမဲ့ဝန်ဆောင်မှုပေးနေသော အထူးသဖြင့် အခြေခံပြည်သူများအတွက် အားကိုးအားထားရာဖြစ်သည်။

ဆေးပညာသင်ကြားပြီးသည့်နောက် ပြည်သူ့ဆေးရုံများတွင် ဆရာဝန်တာဝန် ထမ်းဆောင် ကြခြင်းမှာ ဘွဲ့လွန်ဆေးပညာများရရှိကြပြီး ပါရဂူဆရာဝန်ကြီးများ ဖြစ်လာရေးအတွက် ရည်မှန်းလုပ်ကိုင်ခြင်းဖြစ်သည်။ ပြည်သူ့ဆေးရုံမှ ဆရာဝန်ငယ်များအနေဖြင့် တတ်သည့် ပညာနှင့် ရသည့်လစာအနည်းငယ်ကြောင့် ပြည်သူ့ဆေးရုံဆရာဝန်အဖြစ်ကို စိတ်ဝင်စားမှု နည်းပါးကြသည်။ သမားတော်ကြီး ဖြစ်လာရေး၊ သမားတော်ကျင့်ဝတ်နှင့်အညီ ပြည်သူများ အပေါ် စေတနာရှေ့ထား ပြုစုစောင့်ရှောက်ကုသမှုပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

နိုင်ငံတော်က ဆရာဝန်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသော်လည်း လက်ရှိတွင် ပြည်သူ့ ဆေးရုံများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များမှာ သောင်းဂဏန်းပင်မပြည့်ချင်။ နိုင်ငံရှိ ဆရာဝန်အရေအတွက်နှင့် ပြည်သူလူထု အရေအတွက်မှာ အလွန်အချိုးအစားမမျှသဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်က အစဉ်ကြံဆစီမံဆောင်ရွက်နေရသည်။ လက်ရှိတွင် ကျန်းမာရေး ဖွဲ့စည်းပုံအရ ဆရာဝန်အင်အား တစ်သောင်းမျှလစ်လပ်နေသည်ဟု သိရသည်။ ထိုသို့ နိုင်ငံတော်နှင့်ပြည်သူအတွက် ကျန်းမာရေးလိုအပ်ချက် ကြီးကြီးမားမားရှိ နေချိန်တွင် လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး ပြည်သူများ အားကိုးအားထားပြုရသည့် ပြည်သူ့ဆေးရုံများမှ စွန့်ခွာသွားကြသည်ကို မြင်တွေ့ရသည်မှာ စိတ်မကောင်းစရာဖြစ်သည်။

“ရှင်နည်းရာ အဂ္ဂလူထွက်” ဆိုသကဲ့သို့ ရှားရှားပါးပါး ကျန်းမာရေးအတွက် ပြည်သူအားကိုး မျှော်လင့်နေရသည့်အချိန်တွင် ပြည်သူကို မျက်ကွယ်ပြုသွားခဲ့သဖြင့် ပြည်သူများ အခက်အခဲ ဖြစ်နေ၊ စိတ်မကောင်းဖြစ်နေကြရသည်။ ဆရာဝန် များသည် ဟစ်ပိုကရေးတီးကျမ်းသစ္စာကို ဆေးပညာကျင့်ဝတ်အဖြစ် လိုက်နာစောင့်ထိန်းရပါသည်။ ဆေးပညာဘွဲ့နှင်းသဘင်များတွင် “ကမ္ဘာတစ်လွှားသမား ဟူးရားကြီးများကို သက်သေထား၍” ဟုဆိုကာ ယင်းသို့သဘောရှိသော ကျမ်းသစ္စာမျိုးကို တိုင်တည်ရွတ်ဆိုရပါသည်။ မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေပုဒ်မ ၃၀(င) တွင် ယင်းကျင့်ဝတ်ကျိုးပျက်ပါက မည်သို့ပြစ်ဒဏ်ချမှတ်နိုင်သည်ကို ဖော်ပြထားကြောင်း တွေ့ရပါ သည်။ ဆရာဝန်သည် လူနာအပေါ်တွင် ရန်သူ/မိတ်ဆွေ မခွဲခြားဘဲ ကုသစောင့်ရှောက်ပေးရ သည့် တာဝန်ရှိသည်။

ပညာရှင်၊ ပညာသည်တို့၏ တာဝန်ထမ်းဆောင်မှုသည် လောက၏ အကျိုးစီးပွားအလို့ငှာ မိမိတို့တတ်ကျွမ်းသည့်ပညာဖြင့် လောကဝန်ကို ထမ်းခြင်းဖြစ်ပါသည်။ လောကကို အကျိုးပြု ရခြင်းဖြစ်ပါသည်။ မိမိတို့ ကျွမ်းကျင်တတ်မြောက်သည့် အတတ်ပညာ၊ အသိပညာ၊ ကောင်းမွန် သောစိတ်စေတနာဖြင့် သစ္စာရှိရှိ၊ ရဲရဲဝံ့ဝံ့ ထမ်းဆောင်ဖို့လိုပါသည်။ ပညာသည်ကျင့်ဝတ် သွေဖည်ကျိုးပျက်ခဲ့လျှင် အပြစ်ရှိ သည်ကို သိရှိထားပြီး ဖြစ်ကြပါသည်။ ပညာသည်ကျင့်ဝတ်ကို သစ္စာသမာဓိခိုင်ကျည်စွာဖြင့် ကျင့်သုံးခဲ့လျှင် သမားဂုဏ်နှင့်ညီညွတ်သည့် ဆေးပညာရှင်ကောင်း များ ဖြစ်ကြပါလိမ့်မည်။

လက်ရှိတွင် ပြည်သူ့ဆေးရုံများကို CDM ကြောင့် ပိတ်ထားသဖြင့် အရေးပေါ် ဖြစ်လာကြသည့် ဝေဒနာရှင်ပြည်သူအချို့ အသက်ဆုံးရသည့်အဖြစ်ဆိုးအချို့ ရှိခဲ့သည်။ ပြည်သူ့ဆေးရုံများကို စွန့်ခွာသွားသော်လည်း ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် အခကြေးငွေဖြင့် လုပ်ကိုင်နေသော သူအချို့ လည်းရှိသည်။ CDM တွင် ပါဝင်သော ဆရာဝန်မှာ သုံးထောင်ကျော်ရှိပြီး ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် ကုသပေးနေသောဆရာဝန်မှာ သုံးရာကျော်ရှိသည်ဟု သိရသည်။ သို့ဖြစ်ရာ နိုင်ငံရေးနှင့် သမားတော်အရေး မရောထွေးဘဲဆရာဝန်ကျင့်ဝတ်နှင့်အညီ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ကူညီရမည်ဖြစ်ပါကြောင်း။ ။