Skip to main content

ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အလေးထားထမ်းရွက်

“ဒီမိုကရေစီစနစ်သည် ဝါဒမဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာန များအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း”။ “ဒီမိုကရေစီစနစ်ကို သွားရာတွင် ပရမ်းပတာ ဆောင်ရွက် ၍မရဘဲ စည်းကမ်းနှင့် သာသွားရန်လိုကြောင်း” ဒီမိုကရေစီစနစ်နှင့်ပတ်သက်သည့် မှတ်သားလိုက်နာ ရမည့် အချက် များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေး (၃/၂၀၂၁)တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းလျက် ရှိသည်။ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာ၌ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် တာဝန် ထမ်းဆောင်မှု၊ လုပ်ငန်းဆောင်ရွက်မှုတို့တွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်ကြဖို့ လိုမည် ဖြစ်သည်။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ ဌာနအပေါ် တွင် တာဝန်ကျေပွန်မှု၊ အထက်အောက် ရိုသေလေးစားမှု၊ ပွင့်လင်းမြင်သာမှု၊ စည်းကမ်းစနစ်ကျနစွာ လုပ်ကိုင်ဆောင်ရွက်မှု၊ ပါတီနိုင်ငံရေးကင်းရှင်းမှု စသည့် ဝန်ထမ်းဆိုင်ရာ ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတို့ကို လေးစားလိုက်နာ ရမည့်အပြင် လုပ်ငန်းများ အောင်မြင်မှုရှိစေရန်အတွက် သက်ဆိုင်ရာဌာနအလိုက် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ - နိုင်ငံ့ဝန်ထမ်းများသည်နိုင်ငံတော်၏အကျိုးစီးပွားကို အစဉ်အမြဲဦးထိပ်ပန်ဆင် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူ လူထု အကျိုးစီးပွားကို ဆောင်ရွက်ပေးကြ ရသည့်သူများဖြစ်ရာ နိုင်ငံတော်အပေါ် သစ္စာရှိစွာဆောင်ရွက်ရင်း ပြည်သူလူထုအကျိုးကို သယ်ပိုးကြရပေသည်။ နိုင်ငံ့ ဝန်ထမ်းများသည် ပြည်သူများအတွက် ဝန်ဆောင်မှုပေးကြရာတွင် တိုက်ရိုက် ထိတွေ့ဝန်ဆောင် မှုပေးကြသူများရှိသလို သွယ်ဝိုက်သောနည်းအားဖြင့် ဝန်ဆောင်မှု ပေးကြသူများလည်းရှိသည်။ အထူးသဖြင့် ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှုပေးနေကြသော နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍများသည် ပိုမိုအရေး ကြီးပါသည်။ အဓိကအားဖြင့် ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဘဏ် လုပ်ငန်းကဏ္ဍများသည် ပြည်သူလူထုနှင့် နေ့စဉ်ထိတွေ့နေရသော လုပ်ငန်းများ ဖြစ်သည်။ ဝန်ကြီးဌာနလုပ်ငန်းများအားလုံးသည် ပြည်သူလူထုနှင့် နိုင်ငံတော် အကျိုးစီးပွားအတွက် ကြားခံဆောင်ရွက်ပေးရသော ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည်။ နိုင်ငံတော်၊ ဝန်ကြီး ဌာန၊ ပြည်သူလူထု ခြေသုံးချောင်းထောက် အပြန် အလှန်အကျိုးပြုပါမှ မည်သည့်စနစ်ဖြင့် လျှောက် လှမ်းနေသည့် နိုင်ငံဖြစ်စေ အရှည်တည်တံ့ခိုင်မာ တိုးတက်ဖွံ့ဖြိုးသာယာဝပြောမည် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ သည် နိုင်ငံတော်ချည်းသာ ရပ်တည်၍မဖြစ်သလို ဝန်ကြီးဌာနချည်းသာ ရပ်တည် နေ၍မရ၊ ပြည်သူလူထုချည်းပဲ ဖြစ်တည်နေ၍မဖြစ်ပေ။ အပြန်အလှန် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ရပ်တည်ကြရသည်။ ပြည်သူလူထုအကျိုးစီးပွားဆိုရာ၌ နိုင်ငံတော်၏ အကျိုးစီးပွားမပါဘဲ ဆောင်ရွက်၍ မရပေ။ ထိုအကျိုးစီးပွား နှစ်ခုအတွက် နိုင်ငံ့ဝန်ထမ်းများသည် ကြားခံဆောင်ရွက်ပေးရသည်။ ထို့ကြောင့် နိုင်ငံတော်အပေါ်တွင်လည်း သစ္စာ စောင့်သိရသလို ပြည်သူလူထုအပေါ်တွင်လည်း အလေးထားဆောင်ရွက်ပေးရသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ဖြင့် အသွင်ကူးပြောင်းနေသော နိုင်ငံဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှ တခြင်း လောကပါလတရား နှင့်အညီ လိုက်နာကျင့်သုံးကြရသည်။ ဒီမိုကရေစီစနစ်တွင် စည်းကမ်းနှင့်အညီ နေထိုင်လုပ်ကိုင်မှ ဒီမိုကရေစီစနစ် အခြေခိုင်မာဖြစ်ထွန်းမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသူ၊ နိုင်ငံသားများသည် ကြိုက်နှစ်သက်ရာကို ရွေးချယ် ခွင့်ရှိသည်။ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်အတွက်ရော မတူကွဲပြားသောပြည်သူများ အကျိုးစီးပွား အတွက်ပါ ဆောင်ရွက်ရသည်ဖြစ်၍ ပါတီနိုင်ငံရေးကင်းရှင်းရေးသည် အရေးကြီး သည့်အချက်ဖြစ်သည်။ ယနေ့အချိန်အခါတွင် ပါတီနိုင်ငံရေးကို အကြောင်းပြု၍ ကျန်းမာရေးဝန်ထမ်း များ၊ ရထား ပို့ဆောင်ရေး ဝန်ထမ်းများနှင့် ဘဏ်ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအား မျက်ကွယ်ပြုခဲ့သည်ကို အများ ဆုံးတွေ့ရသည်။ အဆိုပါ ဌာနများတွင် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး လုပ်ကိုင်ဆောင်ရွက်ကြ သူများ လည်း များစွာရှိနေသည်။ သို့သော် မသမာသူအဖျက်သမားများ၊ CDM လှုပ်ရှားသူများ၏ နှောင့်ယှက် ဖိအားပေး မှုများကြောင့်လုပ်ငန်းများနှောင့်နှေးနေရ သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကို ရှောင်ရှားပြီး ဒီမို ကရေစီကျင့်စဉ်နှင့်အညီ နိုင်ငံတော် နှင့်ပြည်သူ့အကျိုးကို အလေးထားကာ ဆိုင်ရာ ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ်များအတိုင်း ထမ်းရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။