Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

နေပြည်တော်၊ မတ် - ၁၂ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၆၄၆၂၃ ဦး၊ အတွင်းလူနာ ၃၉၄၂ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။ ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၂၉၀၉ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၁၅၇၃ ဦး၊ စုစုပေါင်း ၄၄၈၂ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ် ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၁၆၄၂ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၂၄၉၈ ဦးကို သာမန် မွေးဖွားပေးနိုင် ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၄၁၄၀ ဦးကို အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။ ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီး မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံ တက်ရောက် ကုသမှုခံ ယူနေ သောလူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေ များပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။