နေပြည်တော် မတ် ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောက်လုပ်ရေးကဏ္ဍ မှတစ်ဆင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် ဝင်ငွေနည်း ပြည်သူများ၏ နေထိုင်ရေး အဆင် ပြေစေရန် ရည်ရွယ်၍ “ ပြည်သူ့အငှားအိမ်ရာ အခန်း ( ၁၀၀၀၀ ) တည်ဆောက်ရေးစီမံကိန်း ” ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းထိန် ၊ အမြဲတမ်း အတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဝင်းတင့်နှင့် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမျိုးအောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLAC)နှင့် မြန်မာမြို့ပြနှင့် အခြေခံ အဆောက် အအုံဖွံ့ဖြိုးလုပ်ငန်းရှင်များ အသင်းချုပ် (MDA)တို့မှ တာဝန်ရှိသူများသည် Virtual Meeting ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး စီမံကိန်းဦးစီးကော်မတီဥက္ကဋ္ဌ ဆောက်လုပ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက “ ပြည်သူ့အငှား အိမ်ရာ အခန်း ( ၁၀၀၀၀ ) တည်ဆောက်ရေးစီမံကိန်း ” ကို ဆောင်ရွက်ရန် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဝန်ကြီးဌာနမှ စတင် အဆိုပြုဆွေးနွေးပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ် လတွင် စီမံကိန်းဆောင်ရွက်ရန် အတည်ပြုချက် ရရှိပါကြောင်း ၊ ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာ လိုအပ်ချက်များပြီး အိမ်ငှား ခဈေးနှုန်းကြီးမြင့် သည့်အတွက် နေပြည်တော်၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် စီမံကိန်းလုပ်ငန်း များကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်အသင်းအဖွဲ့များမှ ပထမငွေကြေးအရင်းအနှီးစိုက်၍ တည်ဆောက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နှစ်စဉ်ရရှိ ဘဏ္ဍာရန်ပုံငွေတစ်ရပ်ရပ်မှ ပြန်လည်ပေးချေသည့်စနစ်ဖြင့် အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း။
စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက် နိုင်ရန် ဒေသအလိုက် လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဖြေရှင်းပေးခြင်း၊ အခြေခံအဆောက် အဦလိုအပ်ချက်၊ ဘဏ္ဍာငွေပံ့ပိုးပေးရေး၊ လုပ်ငန်းများအရည်သွေး စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်းရေးအတွက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ယခု စီမံကိန်း ကိုဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရန် ခွင့်ပြု ပေးထားပြီး ဖေဖော်ဝါရီ ၂၅ ရက်စွဲဖြင့် “ ပြည်သူ့အငှား အိမ်ရာ တည်ဆောက်ရေးစီမံကိန်းဦးစီးကော်မတီ” ကို အသစ်ပြန်လည်ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဦးစီးကော်မတီ အဖွဲ့ဝင်အသစ်များအား စီမံကိန်း ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရန်နှင့် အခန်း(၁၀၀၀၀) စီမံကိန်း ကို တစ်ပြိုင်တည်း ဆောင်ရွက် ရန် လျာထားခဲ့သော်လည်း ယခုအခါ ပထမအဆင့် Phase ( 1 ) အဖြစ် အခန်း ( ၅၀၀၈ ) ကို ပြီးစီးအောင်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ၊ Phase ( 2 ) အဖြစ် ကျန်ရှိသည့် အခန်း ( ၄၉၉၂ ) ကို ဆက်လက်အကောင်အထည်ဖော် သွားရန် ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ထားမှုတို့ကို သိရှိရန် ပုဂ္ဂလိက လုပ်ငန်းရှင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း။
စီမံကိန်းအတွက် ထပ်မံလိုအပ်သည့် ဘဏ္ဍာငွေများကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးရန်စီစဉ်လျက်ရှိပြီး နေပြည်တော် ကောင်စီ၊ ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ တို့မှလည်း အခြေခံအဆောက်အအုံများ ( ရေ / မီး / လမ်း ) တို့အတွက် ရန်ပုံငွေလိုအပ်ချက် ၊ လုပ်ငန်း လိုအပ်ချက်များကို ကူညီပံ့ပိုးဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း၊ စီမံကိန်း၏မူလရည်မှန်းချက် ဖြစ်သည့် ဆောက်လုပ်ရေး ကဏ္ဍ မှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေးနှင့် ငွေကြေး စီးဆင်းလည်ပတ်မှုကို အထောက်အကူဖြစ်စေရေးကိုဦးတည်၍ စီမံကိန်းလိုအပ်ချက် များအပေါ် ပွင့်ပွင့်လင်းလင်း ဝိုင်းဝင်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့တွင် တည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ၊ ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာ နိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်(MLCA)နှင့် မြန်မာ မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများက ပြည်သူ့အငှား အိမ်ရာအခန်း (၁၀၀၀၀) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်း ပိုင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်း က စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ (၂၀၁၇) နှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ရေး၊ လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ် သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခြင်း၊ အတည်ပြုရန်အချက်များနှင့် ဆုံးဖြတ်ရန် အချက်များချမှတ်ခြင်းများနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစီး ကော်မတီအသစ်ဖွဲ့စည်းပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်း (၁၀၀၀၀) ဆောက်လုပ်မည့် စီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်တွင် အိမ်ရာအခန်း ပေါင်း (၇၀၄) ခန်း၊ အဆောက်အဦလုံးရေ (၄၄)လုံး၊ ရန်ကုန်မြို့၊ ဒဂုံတောင်မြို့နယ်တွင် အိမ်ရာအခန်း ပေါင်း (၆၂၈၈) ခန်း အဆောက်အဦလုံးရေ (၃၉၃)လုံးနှင့် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့ နယ်တွင် အိမ်ရာ အခန်းပေါင်း (၃၀၀၈) ခန်း ၊ အဆောက်အဦ (၁၈၈)လုံး ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမအဆင့် အိမ်ခန်း (၅၀၀၈) ကို ၂၀၂၁ခုနှစ် စက်တင်ဘာလအတွင်း ပြီးစီးအောင် ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
(သတင်းစဉ်)