ရန်ကုန် မတ် ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွဲ့စည်းထားသည့် တစ်နေရာ တည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း(One Stop Service-OSS) က တာဝန်ခံအရာရှိများကို ယနေ့ မွန်းလွဲပိုင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး တွင် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူ စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများ ပြေပြစ်သွက်လက်၍ ရိုးရှင်း လွယ်ကူစေရေး ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲအတားအဆီးများ စိစစ်လျှော့ချကာ၊ အွန်လိုင်းဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ပွင့်လင်း မြင်သာမှု ပိုမိုအားကောင်း စေရေး၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး (Investment Facilitation)ကို အခြေပြု၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး (Investment Promotion) ကို ဦးတည်ဆောင်ရွက်ရေးနှင့် One Stop Service (OSS) ၏ အခန်း ကဏ္ဍကို မြှင့်တင်ရေး တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် ပိုမိုကောင်း မွန် သည့် ဝန်ဆောင်မှုများပေးကြရန် အလေးထားမှာကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူး ဦးမျိုးခိုင်ဦးက လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့မှ တာဝန်ခံ အရာရှိများက မိမိတို့ ကြုံတွေ့ရသည့် အခက်အခဲများကို လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ရှင်းလင်း တင်ပြ ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်း အဖွဲ့ (One Stop Service-OSS) ၌ လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ One Stop Service (OSS) တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြ သည်။
(သတင်းစဉ်)