နေပြည်တော် မတ် ၁၂
တစ်ဧကချင်း တောင်သူတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် မြစ်ရေတင် လုပ်ငန်းများက ပံ့ပိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံ များက သက်ဆိုင်ရာဒေသများမှ အွန်လိုင်းစနစ်အသုံးပြု တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲသက်ရောက်လာသော ရာသီဥတုဖြစ်စဉ် များကြောင့် စိုက်ပျိုးရေ လုံလောက်စွာ အသုံးပြုနိုင်ရေးအပေါ် ထိခိုက်မှုမရှိစေရန် မိမိတို့ ဝန်ကြီးဌာနက ဘက်စုံ ထောင့်စုံ နည်းလမ်း များဖြင့် တီထွင်ကြံဆ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေရရှိရေးနှင့် ဒေသ ဖွံ့ဖြိုးရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသော မြစ်ရေတင်လုပ်ငန်းများ ဖွံ့ဖြိုးရေး ၊ အခြေ အနေပေးသည့် ဒေသများတွင် ဆိုလာစနစ်အသုံးပြု၍ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် မြစ်ရေတင်ဧရိယာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံး ပြု၍ စနစ်တကျ ဆောင်ရွက်စေခြင်းဖြင့် ရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရန် တောင်သူပညာပေး စံနမူနာပြ ဆောင်ရွက်ပေးခြင်း ၊ လိုအပ်သော နည်းပညာများ ကူညီပံ့ပိုး ပေးခြင်းတို့ လုပ်ဆောင်ရန် လိုအပ် ချက်များ ကိုလည်း ကောင်း၊ ရေအသုံးချသူများအဖွဲ့(WUG)များ ၊ ရေအသုံးချ သူများအသင်း(WUA)များ တိုးချဲ့ ဖွဲ့စည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် ယင်းတို့၏ စွမ်းဆောင်ရည် မြှင့်တင်ရေး အတွက် စီမံ အုပ်ချုပ်မှုဆိုင်ရာ အသိ ပညာပေးဆောင်ရွက်ရန်ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သီးနှံထုတ်လုပ်မှုနှုန်း မြင့်မား ရေးအတွက် အဓိက ဖြစ်သော လုံလောက်ပြည့်ဝသည့် ရေရရှိရေးမှတစ်ဆင့် စက်မှုလယ်ယာ ကူးပြောင်းရေးနှင့် စက်မှုကုန်ထုတ် လုပ်ငန်း များဖြစ်ပေါ်လာသည်အထိ အောင်မြင်လာမည် ဖြစ်ကြောင်း၊ မြစ်ရေတင် စိုက်ပျိုးမှု၊ ဆည်ရေ အသုံးပြုမှု၊ မြေအောက်ရေ အသုံးပြုမှု၊ ရေထိန်းသိမ်းသိုလှောင်မှု စသည်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရာတွင် စိုက်ပျိုး ရေသာမက သောက်သုံးရေ ၊ ကျွဲ နွား တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းသုံးရေပါမကျန် ဖူလုံစွာ အသုံးပြုနိုင်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များ ဖြင့် လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ဦးတည်ချက်ထား ကြိုးပမ်း လျက်ရှိရာ ရေတင်စီမံကိန်းဧရိယာများတွင် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိပြီး စျေးကွက် ဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သီးနှံပုံစံများကို စနစ်တကျ ပြောင်းလဲ ကျင့်သုံးသွားရန်လိုအပ်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စက်မှု လယ်ယာ စနစ်သို့ အပြည့်အဝကူးပြောင်းနိုင်ရေး၊ မြေအောက်ရေများ ထုတ်ယူအသုံးပြုနိုင်ရေး၊ အခြေအနေ ပေးသည့် ဒေသ များတွင် ချောင်းပိတ်မြောင်းပိတ်များ ဆောင်ရွက်ရေး၊ ရေအသုံးချသူအစု အဖွဲ့နှင့် အသင်းများပိုမိုအားကောင်း ခိုင်မာ လာအောင် ဆောင်ရွက်ရေး၊ ရေတင်စနစ်များမှ ရေများကို အလေအလွင့်အနည်းဆုံးနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ရေအနည်းလို သီးနှံများ နှင့် တန်ဖိုးမြင့်သီးနှံများ ၊ မွေးမြူရေးလုပ်ငန်းများ အစားထိုး လုပ်ကိုင် နိုင်ရေးတို့ကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)